မွန်ပြည်နယ်၊ ရေးမြို့နယ် အရှေ့ဘက်ခြမ်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဧရိယာ ဝယ်ဇင်ရွာရှိ ရာဘာခြံတွင် အလုပ်လုပ်သည့် အဘော်ရွာသား အလုပ်သမား ၄ ဦးမှာ ဖားနှင့် သဏ္ဍာန်တူသည့် သတ္တဝါ တမျိုး၏ ဥအား စားမိရာမှ အဆိပ်သင့်၍ ၂ ဦး သေဆုံးကာ ၂ ဦးမှာ ရေးမြို့ ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရကြောင်း အဘော် ရွာသား ကိုဗညားမွန်ကပြောသည်။
“တဦးက ဆေးရုံကို ယူလာတုန်း လမ်းမှာ ဆုံးသွားတယ်၊ တဦးကတော့ ဆေးရုံ ရောက်လာပြီးမှ သေတယ်၊ ကျန် ၂ ဦးကတော့ အခု ကောင်းနေပါပြီ ၊ ကျနော် သွားကြည့်တဲ့ အချိန်မှာ စကားပြောလို့ရပြီး ထူထူ ထောင်ထောင် ရှိနေပြီ။ ၅ ယောက်ရှိတာမှာ တယောက် ကတော့ မစားလို့ သူကတော့ ဘာမှ မဖြစ်ဘူး” ဟု ကိုဗညားမွန်က ပြောသည်။
သေဆုံးသူ ၂ ဦးအပါအဝင် ၅ ဦးသည် ညဖက်၌ ဟင်းစား ရှာရာ၌ ဖားနှင့် သဏ္ဍာန်တူသည့် အကောင်များအား ဇူလိုင် ၁၄ ရက်နေ့ ည၌ ဖမ်းဆီး လာကာ ဇူလိုင်လ ၁၅ ရက်နေ့ မနက် လုပ်ငန်းခွင် ဝင်ရန် ဟင်းချက်၍ စားသောက်ခဲ့စဉ် ယခုကဲ့သို့ အဆိပ်သင့်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ စားသောက်မိသည့် ဖားကဲ့သို့ သဏ္ဍာန်တူသည့် သတ္တဝါမှာ ဒေသ အခေါ်အဝေါ် ရေခွေး သို့မဟုတ် ပင်လယ်ခွေး (မွန်ဘာသာမှ တိုက်ရိုက်ဘာသာပြန်) ဟူသည့် အဆိပ်ရှိသည့် သတ္တဝါ ဖြစ်နိုင်ပြီး ၎င်းသတ္တဝါသည် ဖားနှင့် သဏ္ဍာန် တူကာ ခြေတံ လက်တံမှာ ဖားထက်ရှည်၍ မျက်လုံးပို၍ ပြူးကာ အစိမ်းရောင် ဖန့်ဖန့် ရှိသည့် အဆိပ်ရှိ သတ္တဝါဟု ယူဆကြောင်း၊ ၎င်းအား ဖားအမှတ်နှင့် ဟင်းချက်စား မိ၍ အဆိပ်သင့်မှု ဖြစ်ခဲ့ကြောင်း ထိုဟင်းအား မစားခဲ့သဖြင့် ကျန်ရှိနေသူ နိုင်ဂျယ်က ပြောပြသည်။
“အသားကိုတော့ ဟင်းချက်နေတုန်းပေါ့၊ ဖားဥ လိုမျိုးပေါ့ ၊ အဲဒါကို နည်းနည်းကျက်အောင် မီးပေးပြီး စားကြတာ အဆိပ်သင့် ကြတယ်၊ ကျနော်တို့ အဲဒီလိုမျိုး မစားဖူးလေ၊ စားတဲ့လူတွေ ပါးစပ်မှာ အမြုပ်ထပြီး ခြေ၊ လက်တွေ ဆန့်ဆန့်ကြီး ဖြစ်လာတယ်၊ အဲဒီတော့ ဆေးရုံ ပို့ဖို့ လုပ်တော့ တယောက်က လမ်းမှာပဲ ဆုံးသွားတယ်” ဟု နိုင်ဂျယ်က ဖြစ်စဉ်အား ပြန်ပြောပြသည်။
အဆိပ်သင့်ရသည့် အကြောင်းရင်းအား ဆေးရုံမှ အဖြေရှာနေပြီး မည်သည့် အစားအစာဖြင့် အဆိပ်မိခြင်း ဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း၊ ဆေးရုံသို့ ရောက်ရှိလာသည့် လူနာ တဦး သေဆုံး သွားခဲ့သည်မှာ ဟုတ်မှန်ကြောင်း ရေးမြို့နယ် ဆေးရုံအုပ် ဒေါက်တာ ဒေါ်ခင်စန်းချိုက ပြောသည်။
“စစရောက်တုန်းက သူတို့က “ဖားဥ” စားကြတယ်လို့ ပြောတယ်၊ အဲဒါနဲ့ “ဖားဥ” တောင် စားရလားကွယ်လို့ ပြောတော့ အခုကြတော့ မဟုတ်ပြန်ဘူး ဆိုတော့ အခုနားလည်တဲ့လူတွေကို လိုက်မေးနေတယ်” ဟု ဒေါ်ခင်စန်းချိုက ပြောသည်။