အာရှ၏ အဆင်းရဲဆုံးနှင့် စွမ်းအင်အချို့တဲ့ဆုံးသော မြန်မာနိုင်ငံတွင် နိုင်ငံ အရှေ့ပိုင်းမှ အမေရိကန်ဒေါ်လာ ၃ ဘီလီယံတန် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်မှုများက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရ အတွက် ကျိုးကြောင်း ဆီလျော်သော စွမ်းအင်မူဝါဒ ချမှတ်နိုင်ရေး ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို မီးမောင်းထိုးပြနေသည်။
နိုင်ငံ လူဦးရေ သန်း ၆၀ ၏ ၃ ပုံ ၁ ပုံသာ ဓာတ်အားလိုင်းနှင့် ချိတ်ဆက်နိုင်ပြီး မြို့ကြီးများတွင် ဓာတ်အား ပြတ်တောက်မှု များ ဖြစ်ပွားနေချိန်တွင် ရင်းနှီးမြှုပ်နှံသူများကို ရှာရန် မြန်မာအတွက် အလွန် ခက်ခဲနေသောကြောင့် ဓာတ်အား ထုတ်လုပ်မှု မြှင့်တင်ရန် ကျောက်မီးသွေးမှ ပင်လယ်ရေအောက် သဘာဝဓာတ်ငွေ့အထိ နည်းလမ်းပေါင်းစုံကို စဉ်းစားနေရသည်။
မြန်မာနိုင်ငံတွင် သဘာဝ ဓာတ်ငွေ့သိုက်များရှိသော်လည် ကမ်းလွန်ဓာတ်ငွေ့ထုတ်လုပ်မှု အများစုကို ယခင် စစ်အစိုးရ ခေတ်က ချုပ်ဆိုခဲ့သော စာချုပ်များ အရ ပြည်ပသို့ တင်ပို့နေရသည်။ ဓာတ်ငွေ့ထုတ်လုပ်မည့် လုပ်ကွက်သစ်များ ပေါ်ပေါက်လာရန် လည်း နှစ်အတန်ကြာ ဦးမည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ကျားကန်ရန်မှာ အမြန်ဆုံးနည်းသည် ကျောက်မီးသွေးသုံး ထုတ်လုပ်ရန် ဖြစ်သော်လည်း ကရင်ပြည်နယ် အရှေ့ပိုင်းမှ ၁၂၈၀ မဂ္ဂါဝပ် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်မှုများ ကြောင့် ထိုရွေးချယ်မှုသည် မြန်မာနိုင်ငံတွင် လူကြိုက် မများလှကြောင်းပြသနေသည်။
နိုင်ငံတဝန်းရှိ တက်ကြွလှုပ်ရှားသူ အုပ်စု ၁၀၀ ကျော်တို့သည် အထက်ပါ စီမံကိန်းကို ဖျက်သိမ်းပြီး ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကို သုံးရန် အစိုးရကို တိုက်တွန်းသော ပူးတွဲ ကြေညာချက် တစောင်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
“ဒေသခံတွေက သူတို့မြေ၊ သူတို့ရေတွေ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံကြောင့် ပျက်စီးမှာကို စိုးရိမ်နေကြတာ” ဟု ကရင်ပြည်နယ် အခြေစိုက် တက်ကြွလှုပ်ရှားသူ နန်းမြင့်အောင်က ပြောသည်။ ဒေသခံများသည် စိုက်ပျိုးရေးဖြင့် အသက်မွေးသူ အများစု ဖြစ်သည်။
အလုပ်အကိုင်သစ် ဖန်တီးရေးကို ဦးစားပေးတခု အဖြစ် သတ်မှတ်ထားသော ဒေါ်အောင်ဆန်းစုကြည် အစိုးရ အတွက် ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ရေးသည် လွန်စွာ အရေးကြီးသည်။ စစ်အုပ်ချုပ်ရေးကာလ ဆယ်စုနှစ်များစွာ အပြီး စီးပွားရေး ပြန်လည် ပြုပြင်မှု နှေးကွေး နေသောကြောင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၆-၁၇ ဘာဏ္ဍာရေး နှစ်တွင် ၃၀ ရာခိုင်နှုန်း ကျဆင်းပြီး ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံသာ ရှိခဲ့သည်။
မြန်မာနိုင်ငံသည် မြင့်တက်နေသော ဓာတ်အားသုံးစွဲမှုကို ဖြည့်ဆည်းရန် ၂၀၃၀ ခုနှစ်တွင် ၄ ဆကျော် တိုးပြီး ၂၃၅၀၀ မဂ္ဂါဝပ် အထိ ထုတ်လုပ်ရန် ရည်ရွယ်ထားသည်။ ထိုရည်မှန်းချက်သည် အောင်မြင်ရန် မလွယ်ဘဲ အထူးသဖြင့် မူဝါဒ ပြတ်ပြတ်သားသား မချနိုင်လျှင် မလွယ်ကူ ဟု ကျွမ်းကျင်သူများက ပြောသည်။
ရောနှောစွမ်းအင် အသုံးပြုခြင်း၏ မရေရာမှုများ
အာဏာပိုင်များ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်သော ကရင်ပြည်နယ်မှ စီမံကိန်းသည် မြန်မာနိုင်ငံတွင် စီစဉ်ထားသော ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံစီမံကိန်း ၁၁ ခု အနက် ၁ ခု ဖြစ်သည်။ ထိုစက်ရုံ တခုတည်းကပင် လက်ရှိ ဓာတ်အား ထုတ်လုပ်မှုကို ၂၅ ရာခိုင်နှုန်း တိုးတက်စေမည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ချက်များ အရ သိရသည်။
သို့သော် ထိုစီမံကိန်းများ၏ မည်မျှကို ရှေ့ဆက် လုပ်ဆောင်နိုင်မည်မှာ မသေချာ မရေရာပေ။ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး အုပ်စုများ၏ ဆန့်ကျင်မှုကြောင့် ဦးသိန်းစိန်၏ အရပ်သားတပိုင်း အစိုးရသည် န်ုင်ငံတဝန်း ကျောက်မီးသွေးသုံး စီမံကိန်း ၁၀ ခုကျော်ကို ဖျက်သိမ်းပေးခဲ့ရသည်။
အစိုးရကို အကြံပေးနေသော အချို့အနောက်တိုင်း ကျွမ်းကျင်သူများက မြန်မာနိုင်ငံတွင် များများစားစား မရှိသော ကျောက်မီးသွေးသုံး စီမံကိန်းများကို ဆန့်ကျင်ကြသည်။ ကျောက်မီးသွေး တင်သွင်းရပါက အရန်နိုင်ငံခြားသုံးငွေ အနည်းငယ်သာ ရှိသော မြန်မာနိုင်ငံမှ ဒေါ်လာများ စီးထွက်သွားမည် ဖြစ်သည်။
နိုင်ငံ၏ စွမ်းအင်အချိုးအစားတွင် ရေအားလျှပ်စစ်ကို မြှင့်တင်မည် ဟု အရာရှိများ ယခင်က ပြောခဲ့ဖူးသည်။
မြစ်ဆုံဆည် တည်ဆောက်ရေး အပေါ် တရုတ်နှင့် ကာလရှည်ကြာစွာ အငြင်းပွားမှုကြောင့် စီစဉ်ထားသော ရေအားလျှပ်စစ် စီမံကိန်း ၄၉ ခု အနက်အများစုကို ဆိုင်းငံ့ထားရသည်။
လျှပ်စစ်ဓာတ်အား မဟာစီမံချက် တခုကို လွန်ခဲ့သောနှစ်မှ စတင်ပြီး ပြန်လည် သုံးသပ်နေသော်လည်း အသေးစိတ်များကို ထုတ်ပြန်ခြင်း မရှိသေးပေ။ ရေအားလျှပ်စစ် အစား ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ အသုံးပြုမှုကို တိုးမြှင့်နိုင်သည် ဟု စွမ်းအင်အရာရှိ အများအပြားက ပြောကြသည်။
“နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေက စွမ်းအင်မူဝါဒတွေကို ပိုပြီး ရှင်းရှင်းလင်းလင်း သိချင်ကြတယ်။ လတ်တလောမှာ မြန်မာနိုင်ငံရဲ့ စွမ်းအင်စီမံချက်တွေက ဘာလဲဆိုတာ ပြောဖို့ အရမ်းခက်နေသေးတယ်” ဟု ရန်ကုန်အခြေစိုက် အတိုင်ပင်ခံ လုပ်ငန်း Frontier Myanmar မှ သုတေသီ Jeremy Mullins က ပြောသည်။
ကျောက်မီးသွေး အကျပ်အတည်း
လုံလောက်သော လူထုထောက်ခံမှုရလျှင် စီမံကိန်းကို ဆက်လုပ်မည် ဟု ကရင်ပြည်နယ် စွမ်းအင်ဝန်ကြီး ဦးစိုးလှိုင်က ရိုက်တာ သတင်းဌာနသို့ ပြောသည်။ သူက ထိုထက်ပို ရှင်းပြခြင်း မရှိပေ။
သို့သော် ထိုစက်ရုံသည် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းများကို ခြိမ်းခြောက်မှု ရှိသည်ဟူသော ပြောကြားချက်ကို စနစ်တကျ စုံစမ်းစစ်ဆေးခြင်း မရှိခဲ့ဟု ကရင်ပြည်နယ်မှ ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ပြောသည်။
ပတ်ဝန်းကျင်နှင့် လူမှုသက်ရောက်မှု လေ့လာချက်ကို ယခုနှစ် နှောင်းပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာနက နောက်ဆုံး ဆုံးဖြတ်ချက် မချမီ ထုတ်ပြန်မည် ဟု ဒေသအာဏာပိုင်များက ပြောသည်။
ပတ်ဝန်းကျင်ထိခိုက်မှု လျှော့ချရန် အဆင့်မြင့် သန့်စင်သော ကျောက်မီးသွေး နည်းပညာနှင့် စွမ်းရည်မြင့်၊ ညစ်ညမ်း ဓာတ်ငွေ့ ထုတ်လုပ်မှုနည်းသော စက်ရုံကို တည်ဆောက်မည် ဟု စီမံကိန်းကိုအကောင်အထည်ဖေါ်သူ ထိုင်းနိုင်ငံ အခြေစိုက် TTCL Public Company Ltd က ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကျောက်မီးသွေးသုံး စွမ်းအင်ထုတ်လုပ်မှု စွမ်းအင်ထုတ်လုပ်မှု အားလုံး၏ ၁ ရာခိုင်နှုန်းသာ ရှိသည်။
ရေအားလျှပ်စစ်ကဲ့သို့ အခြားနည်းလမ်းများသည် အချိန်ပေးရန် လိုအပ်ပြီး ကျောက်မီးသွေးသည် တိုင်းပြည်၏ စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းရန် အကောင်းဆုံးဖြစ်သည် ဟု NLD ထိပ်တန်းခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းထိန်က ပြောသည်။
“ကျောက်မီးသွေး အကျပ်အတည်းနဲ့ ဖွံ့ဖြိုးရေးကြား ရွေးရရင် ဖွံ့ဖြိုးရေးကို ဦးစားပေးရမှာပဲ” ဟု သူက ပြောသည်။ ။
(Reuters သတင်းတရပ်တွင် ဖော်ပြထားသည့် Coal Plan Sparks ire as Myanmar Struggles to Keep Lights on ကို ဘာသာပြန်သည်။)