အမျိုးသားစွမ်းအင်စီမံချက်တွင် ပြန်ပြည့်မြဲစွမ်းအင်များကို ထည့်သွင်းစဉ်းစားရန် ဇူလိုင် ၁၃ ရက်က ရန်ကုန်တွင် ကျင်းပသည့် မြန်မာအတွက် သန့်ရှင်းသောစွမ်းအင်ရည်မှန်းချက်အမည်ရှိ ဆွေနွေးပွဲတွင် အစိုးရကို ပညာရှင်များက တောင်းဆိုခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသည် စွမ်းအင်ကဏ္ဍသစ်တွင် ရေရှည်တည်တံ့သော မူဝါဒချမှတ်မည်ဟု ယခင်ကမျှော်လင့်ခဲ့သော်လည်း ထင်သလိုမဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံပြန်ပြည့်မြဲစွမ်းအင်အသင်း ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ပြောသည်။
“လက်ရှိအခြေအနေက မြန်မာ့စွမ်းအင်ကဏ္ဍဟာ တကမ္ဘာလုံးက ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားတာနဲ့ ဆန့်ကျင်ဘက်ကိုသွားနေတယ်” ဟု ပြန်ပြည့်မြဲစွမ်းအင်များ ပိုမိုအသုံးပြုရေးကို ဦးတည်နေသည့် အခြေအနေများကို ကိုးကားကာ ဦးအောင်မြင့်က ဆိုသည်။
လူမှုအခြေပြုအဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍမှလုပ်ငန်းရှင်များ၊ နိုင်ငံတကာငွေချေးသူများသည် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဇူလိုင် ၁၂ ရက်နေ့ကလည်း နေပြည်တော်တွင် ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံသည် ကျောက်မီးသွေးနှင့် အကြီးစားရေအားလျှပ်စစ်စက်ရုံများကို အကြီးအကျယ် အာရုံစိုက်နေသောကြောင့် ပြန်ပြည့်မြဲစွမ်းအင်အလားအလာများကို ဖေါ်ထုတ်ရန် အခွင့်အလမ်းကို ရေလိုက်လွဲနေသည်ဟု စွမ်းအင်ပညာရှင်များ၏ စုပေါင်းကြေညာချက်တွင် ဖေါ်ပြသည်။
“ကျောက်မီးသွေးဓါတ်အားပေးစက်ရုံများနှင့် ဧရာမ ရေအားလျှပ်စစ်ထုတ်လုပ်ရေးဆည်များသည် ဒိုင်နိုဆော (ရှေးခေတ်အိုဟောင်းသော) နည်းပညာများဖြစ်ပြီး၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၊ လူထုကျန်းမာရေး၊ ဗီဇမျိုးကွဲမျိုးစုံကြွယ်ဝမှုနှင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် ဆိုဆိုးရွားရွား သက်ရောက်လျက်ရှိသည်” ဟု အရပ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နေရာင်ခြည်စွမ်းအင်သုံး ဆိုလာနှင့် လေအားကဲ့သို့သော ပြန်လည်ပြည့်မြဲစွမ်းအင်များသည် အသန့်ရှင်းဆုံးနှင့် ဈေးအသက်သာဆုံး နည်းလမ်းများဖြစ်သည်ဟု ဂျာမဏီနိုင်ငံစွမ်းအင်စောင့်ကြည့်ရေးအဖွဲ့မှ ဟန်းဂျိုးဆက်ဖဲလ် ကပြောသည်။ သူသည် ဂျာမဏီနိုင်ငံ Green Party ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်ပြီး၊ ကမ္ဘာတဝန်းတွင် ပြန်ပြည့်မြဲစွမ်းအင်ကို ပိုမိုအသုံးပြုရေးလှုံ့ဆော်သူ ဖြစ်သည်။
၎င်းက ဂျာမဏီ၊ တရုတ်နှင့်ဘင်္ဂလားဒေ့ရှ်မှ ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုမှုနှင့် အကျိုးကျေးဇူးများနှင့်ပတ်သက်သော အတွေ့အကြုံများကို ဝေမျှနေသူလည်း ဖြစ်သည်။
ဂျာမဏီသည် ပြန်ပြည့်မြဲစွမ်းအင်ကို လွန်ခဲ့သော ၁၇ နှစ်ကပင် အသုံးပြုခဲ့ပြီး၊ ထိုစဉ်က အခြေအနေမှာ ယနေ့ မြန်မာနိုင်ငံနှင့် အလားသဏ္ဍာန်တူသည် ဟု ၎င်းက ဆိုသည်။ ဂျာမဏီတွင် ၂၀၀၀ ခုနှစ်က ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုမှု ၆ ရာခိုင်နှုန်း ဖြင့်စတင်ပြီး၊ ၂၀၁၇ ခုနှစ်တွင် ၃၅ ရာခိုင်နှုန်း အထိရှိလာသည်ဟု ဆိုသည်။
နေအားနှင့် လေအားစွမ်းအင်မှ လျှပ်စစ်ကို အများအပြား ထုတ်လုပ်နိုင်ပြီး၊ ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံရသည့် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများထက် ဈေးသက်သာစွာ ဓာတ်အားရောင်းချနိုင်သည်ဟု ဖဲလ် က ရှင်းပြသည်။ ဂျာမဏီသည် ၂၀၃၀ ခုနှစ်တွင် ပြန်ပြည့်မြဲစွမ်းအင်ကို ရာနှုန်းပြည်သုံးရန် ရည်ရွယ်သည်ဟုလည်း သူပြောသည်။
ယခင်သမ္မတ ဦးသိန်စိန်အစိုးရ၏ ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၃၃ ရာခိုင်နှုန်း ထုတ်ရေး အစီအစဉ် အကောင်အထည်ဖော်ရန် ကျောက်မီးသွေးစက်ရုံလည်ပတ်ပါက ကျောက်မီးသွေးကို ပြည်ပမှတင်သွင်းရမည်။
လူမှုအခြေပြုအဖွဲ့များက ကန့်ကွက်နေသော်လည်း မွန်နှင့်ကရင်ပြည်နယ်များမှ ပြည်နယ်ဝန်ကြီးချုပ်များက လတ်တလော လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းရန် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ထုတ်ယူရေးကို စဉ်းစားကြသည်။
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ္မကျေးရွာအနီး ကျောက်မီးသွေးမိုင်းများကြောင့် ထိုဒေသမှ ဒေသခံများသည် ကျောက်မီးသွေးအမှုန်များကို ရူရှိုက်ရသောကြောင့် ကျန်းမာရေးပြဿနာများရင်ဆိုင်နေရသည်ဟု ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။
ဦးအောင်မြင့်က “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ကိုယ့်ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်း နှင့်အညီ ပြုမူပြီး၊ ပြန်ပြည့်မြဲစွမ်းအင်ကို နိုင်ငံရေး၊ စီပွားရေး အရ အရေးပါတဲ့ ကဏ္ဍတစ်ရပ်အနေနဲ့ အားပေးအားမြှောက်ပြုဖို့ လိုအပ်တယ်” ဟု တိုက်တွန်းသည်။
“အစိုးရကပြည်သူနဲ့အတူ တကယ်ရှိတယ်ဆိုရင် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မဟာဓာတ်အားလိုင်းတိုးချဲ့မယ့် စီမံချက်တွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေမချခင်မှာ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုကို နားထောင်ပေးဖို့ ဆန္ဒရှိကြောင်း ပြသဖို့လိုတယ်” ဟုလည်း သူဆက်ပြောသည်။
ပြန်ပြည့်မြဲစွမ်းအင်ရင်းမြစ်များဖေါ်ထုတ်ရေးနှင့် မဟာဓာတ်အားလိုင်းတည်ငြိမ်မှု ပိုမိုကောင်းမွန်အောင်လုပ်ရာတွင် နိုင်ငံရေးအရလုပ်ပေးချင်သည့် ဆန္ဒနှင့် ကူညီပံ့ပိုးမှုလိုသည်ဟု ဖဲလ် ကပြောသည်။
ထိုအစီအစဉ်များ၏ ကုန်ကျစရိတ်သက်သာမှုနှင့်အလုပ်အကိုင်ဖန်တီးပေးနိုင်ခြင်းကိုလည်း ထောက်ပြ ပြောဆိုသွားသည်။
မကြာသေးခင်က ချမှတ်ထားသော မြန်မာနိုင်ငံ စွမ်းအင် မဟာစီမံချက်တွင် မြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင်သော ဇီဝစွမ်းအင်ထုတ်လုပ်ခြင်းအပါအဝင် ပြန်ပြည့်မြဲစွမ်းအင် စွမ်းအင် နှင့်ပတ်သက်သော အစီအစဉ်များပါဝင်ခြင်းမရှိဟု ဦးအောင်မြင့်က ပြောသည်။
မူဝါဒချမှတ်သူများအတွက် သတင်းအချက်အလက်များ အလွယ်တကူရှိသော်လည်း အပြောင်းအလဲဖြစ်ရန်မှာ ၎င်းတို့၏ အပြောင်းအလဲ ဖန်တီးလိုသောဆန္ဒပေါ်တွင်သာ မူတည်နေသည်ဟု သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တစ်ဦးဖြစ်သည့် EcoDev အဖွဲ့၏ ဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောသည်။
လူအများသည် အားထုတ်မှုများများမလိုသော နည်းလမ်းဟောင်းများကိုသာ တွယ်ကပ်နေတတ်ပြီး ပိုနေမြဲ ကျားနေမြဲနေတတ်သောကြောင့် “မြန်မာနိုင်ငံတွင် စိန်ခေါ်မှုများအတွက် နည်းလမ်းသစ်များချမှတ်ရန် နိုင်ငံရေးဦးဆောင်မှု လိုအပ်သည်” ဟုလည်း ၎င်းက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
အစိုးရသည် အကြီးစားမဟုတ်သော ရေအားလျှပ်စစ်ဆည်စီမံကိန်းများသာ လုပ်ဆောင်သင့်ပြီး ၎င်းတို့အတွက် လူထုနှင့်တိုင်ပင်ဆွေးနွေးရန် လိုသည်ဟုလည်း သူပြောသည်။ အစိုးရသည် ပွင့်လင်းမြင်သာမှုရှိလျှင် ထိုစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်နိုင်သည်ဟု ၎င်းက ဆိုသည်။
“လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့ အသေးစား၊ အလတ်စား ရေအားလျှပ်စစ် စက်ရုံတွေအတွက် အဆများစွာ ထွက်နိုင်တဲ့ ထိရောက်တဲ့နည်းပညာသုံးနိုင်ရင် ဧရာမဆည်ကြီးတွေလဲတည်ဆောက်စရာ မလိုပါဘူး” ဟု ဦးဝင်းမျိုးသူက ပြောသည်။