ကရင်ပြည်နယ် ဘားအံမြို့ သရက်တောကျောင်းတိုက်၌ စိုက်ထူထားသည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ကရင်ပြည်နယ် ဆိုင်းဘုတ်ကို ဖြုတ်သိမ်းမည် မဟုတ်ဘဲ အစိုးရက အာဏာစက်သုံး၍ ဖြုတ်ချရန် ကြိုးစားခဲ့ပါက ထိပ်တိုက် တွေ့ဆုံနိုင်သည့် အခြေအနေများ ဖြစ်လာနိုင်သည်ဟု ကရင်ပြည်နယ် မဘသအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အရှင် ဂမ္ဘီသာရက ဧရာဝတီ သတင်းဌာနသို့ မိန့်ကြားခဲ့သည်။
“မဖြုတ်ဘူးလို့ တရားဝင် ကြေညာထားတာ မန္တလေးနဲ့ ကရင်ပဲ ရှိတာ။ သူတို့ ကြေညာချက်ကတော့ မဘသနဲ့ ပတ်သက် တဲ့ အဖွဲ့အားလုံးကို ရည်ရွယ်တာပဲ၊ ဦးပဉ္စင်းတို့က မဟနဆရာတော်တွေကို အတိုက်အခံပြုတဲ့ သဘောတော့ မဟုတ်ဘူး။ အခုထိတော့ ဆိုင်းဘုတ်ကို ဖြုတ်ပေးဖို့ ဘယ်သူမှ လာမပြောသေးဘူး၊ ဦးပဉ္စင်းတို့ကလည်း ဖြုတ်ပေးမှာ မဟုတ်ဘူး” ဟု အရှင်ဂမ္ဘီသာရက မိန့်သည်။
၂၀၁၇ ခုနှစ် မေလ ၂၃ ရက်နေ့က ကျင်းပသော သတ္တမအကြိမ် နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ (၄၇) ပါး စုံညီ ပဉ္စမ အထူး အစည်းအဝေးတွင် မဘသအမည်ကို သုံးစွဲလျက် မည်သည့် အမှုကိစ္စမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန်၊ မြန်မာပြည် အနှံ့ရှိ မဘသအဖွဲ့ ဆိုင်းဘုတ်များကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၅ ရက်တွင် နောက်ဆုံးထား၍ အပြီးဖြုတ်သိမ်းရန်၊ ဆုံးဖြတ် ချက်များကို လိုက်နာခြင်း မရှိပါက ရဟန်းဖြစ်လျှင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူရန်နှင့် လူ ပုဂ္ဂိုလ်ဖြစ်လျှင် တည်ဆဲဥပဒေများဖြင့် အရေးယူရန် ဆုံးဖြတ်ခဲ့ကြပြီး ဇူလိုင်လ ၁၃ နှင့် ၁၄ ရက်တို့၌ နိုင်ငံပိုင် မီဒီယာမှ တဆင့် ကြေညာခဲ့သည်။
ကရင်ပြည်နယ် သာသနာရေးနှင့် မွန်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးမင်းတင်ဝင်းက အဆိုပါဆိုင်းဘုတ်ကို အတင်းအကျပ် ဖြုတ်သိမ်းရန် အစီအစဉ် မရှိကြောင်း ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
“လက်ရှိအထိတော့ အဲဒီလို အာဏာစက်၊ ဓမ္မစက်သုံးပြီး အတင်းအကျပ် လုပ်မယ်ဆိုပြီး စဉ်းစားထားတာမျိုး မရှိသေးပါ ဘူး။ မဟနရော မဘသ ထေရ်ကြီးဝါကြီး ဆရာတော်တွေနဲ့ ညှိနှိုင်းပြီး ဒီကိစ္စကို အတတ်နိုင်ဆုံး ကိုင်တွယ် ဆောင်ရွက် သွားမှာပါ” ဟု ဦးမင်းတင်ဝင်းက ပြောသည်။
ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် အဆိုပါ ဘားအံမြို့ သရက်တောကျောင်းတိုက်၌ ကရင်ပြည်နယ် သာသနာရေး ကိစ္စ၌ သြဇာတိက္ကမ ရှိကြသည့် မဟနဆရာတော်များ၊ မဘသ ဆရာတော်များနှင့် မြိုင်ကြီးငူဒေသ ဆရာတော်များ အပါ အဝင် အစည်းအဝေးတရပ် ပြုလုပ်ခဲ့ပြီး ထိုသရက်တော ကျောင်းတိုက်၌ စိုက်ထူထားသည့် ဆိုင်းဘုတ် ဗီနိုင်းအဟောင်းကို ဗီနိုင်းအသစ် တပ်ဆင်၍ ပြန်လည် စိုက်ထူခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၁၄ ရက်နေ့ ညတွင် BGF (ကရင် နယ်ခြားစောင့်တပ်ဖွဲ့) တပ်ဖွဲ့ဝင် ၁၀ ဦးခန့်သည် မဘသ ဆရာတော်ကြီးများ၏ လုံခြုံရေးအတွက် လက်နက်ကိုင် အစောင့်အရှောက်များဖြင့် လာရောက် စောင့်ကြပ်ပေးသကဲ့သို့ ကရင် မဘသ အဖွဲ့က ကြေညာချက် ထုတ်ပြန်အပြီး ဇူလိုင်လ ၈ ရက်နေ့ ညကလည်း ထိုသို့ စောင့်ကြပ်ပေးမှုများ ရှိခဲ့ကြောင်း အရှင် ဂမ္ဘီသာရက ဧရာဝတီသို့ မိန့်ကြားခဲ့ပြီး ယင်းအပေါ် သီးခြားမှတ်ချက် မပြုလိုကြောင်း ဦးမင်းတင်ဝင်းက ဆိုသည်။
ဇူလိုင် ၇ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည့် ကရင်ပြည်နယ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ကြေညာ ချက်၌ မဘသအဖွဲ့၏ ဆိုင်းဘုတ်များကို အတင်းအကျပ် ဖြုတ်ချခြင်း ၊ ကြံစည် အားထုတ်ခြင်း ပြုလုပ်သည့် မည်သူ့ကိုမဆို တည်ဆဲ ဥပဒေ/ ဒေသန္တရ ဥပဒေ အရပ်ရပ်တို့ဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဆိုင်း ဘုတ် လာရောက် ဖြုတ်ချသောကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်သည် ဖြုတ်ချသူတို့၏ တာဝန်သာဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ် အစိုးရအဖွဲ့က ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် ဆောင်ရွက်နေ၍ ထိပ်တိုက် ရင်ဆိုင်ကြမည့် အနေအထား မဖြစ်ပွားဘဲ အေးအေးချမ်းချမ်းပင် ပြီးဆုံးသွားနိုင်မည်ဟု ဘားအံမြို့ ပအိုဝ်းစာပေ ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ချစ်ငွေက သုံးသပ် ပြောကြားသည်။