မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုကော်မတီဝင် ဦးမင်းဌေးအား မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် စွဲချက်တင်ထားမှုကို မိုးမောက်တရားရုံးက ယနေ့တွင် လက်ခံလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် ဆက်သွယ်သည်ဟုဆိုကာ ဦးမင်းဌေးအား စွပ်စွဲဖမ်းဆီးခဲ့ပြီး၊ မိုးမောက်ထောင်တွင် ထိန်းသိမ်းထားရာ တရားလိုပြသက်သေစစ်ဆေးမှုများကို ၆ လ ခွဲကြာ ဆောင်ရွက်ခဲ့ကြောင်း ၎င်း၏ဇနီးဖြစ်သူ ဒေါ်နန်းယဉ်က ဧရာဝတီကို ပြောသည်။
ဒေါ်နန်းယဉ်က “ အခုက တရားရုံုးကတော့ စွဲချက်ကိုလက်ခံလိုက်ပြီ။ တရားရုံုးက ကိုမင်းဌေးကို အပြစ်ရှိလားမေးတယ်။ ကိုမင်းဌေးက အပြစ်မရှိဘူး ဖြေတယ်” ဟု ဆိုသည်။ ဦးမင်းဌေးကို လာမည့်ဇူလိုင် ၂၇ ရက်တွင် တရားရုံးချိန်း စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဦးမင်းဌေးက ၎င်းကိုစွဲချက်တင်ထားသည့် ပုဒ်မနှင့်ပတ်သက်၍ အပြစ်မရှိကြောင်း၊ KIA အတွက် အလုပ်လုပ်ပေးခဲ့ခြင်းမျိုး မရှိဟု ဖြေဆိုခဲ့ကြောင်းနှင့် ၎င်းသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် ABSDF အဖွဲ့ဝင်ဖြစ်ကြောင်း ဖြေဆိုခဲ့သည်ဟု ဒေါ်နန်းယဉ်က ပြောပြသည်။
ယနေ့တရားရုံးချိန်း၌ တရားလိုပြသက်သေများကို မေးမြန်မှုများတွင် ၁၇ (၁) ပုဒ်မမြောက်သည့်အထိ သက်သေ မခိုင်လုံသော်လည်း ၎င်းအားဖမ်းချင်သည့်သဘောနှင့် ဖမ်းဆီးပြီး တဖက်သက်ဆောင်ရွက်ခြင်း ဖြစ်သည်ဟု မိုးမောက်ထောင်သို့ပြန်မပို့ခင် ဦးမင်းဌေးက ဧရာဝတီကို ပြောသည်။
ဦးမင်းဌေးက “ ကိုယ့်ဘက်က တရားဥပဒေစိုးမိုးရေး၊ လွတ်မြောက်ရေးအတွက် ဘယ်လိုချဉ်းကပ်မလဲဆိုတာ စဉ်းစားရမှာပေါ့။ အခုဟာက တရားစွဲတင်လိုက်တဲ့အပေါ်မှာ မစွဲသင့်ဘဲအစွဲခံရတဲ့ပုံစံမျိုး ဖြစ်တာကို၊ ဒါကတော့ မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်တဲ့ပုံစံမျိုး ဖြစ်လာတယ်။ ဒါ တဖက်သက်ဖြစ်လာတဲ့ကိစ္စတွေတော့ ရှိတယ်။ ဒါကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ NCA စာချုပ်ကို လက်မှတ်ထိုးထားတယ် ဆိုပေမယ့်လည်း၊ ထိုးထားတဲ့ အဖွဲ့တဖွဲ့ရဲ့ ဗဟိုကော်မတီဝင်တယောက်ကို ဒီလိုစွဲချက်တင်တယ် ဆိုတော့ စာချုပ်ပေါ်မှာ ပြန်လည်သုံးသပ်ဖို့တော့လိုပြီလို့ လုပ်ဖော်ကိုင်ဖက်ရဲဘော်တွေကို ပြောချင်တယ်” ဟု ပြောသည်။
ဦးမင်းဌေးသည် ကျန်းမာရေးကောင်းမွန်သော်လည်း လေးဘက်နာနှင့် ခေါင်းကိုက်ဝေဒနာကို တခါတရံခံစားနေရကြောင်း သိရသည်။