စနေနေ့က ထုတ်ပြန်သော ဗီဒီယိုတခုတွင် အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းတော်ကြီး ဦးဝီရသူက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် – NLD အစိုးရ နှုတ်ထွက်ပေးရန် တောင်းဆိုလိုက်သည်။
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဆိုင်းဘုတ်များကို ဇူလိုင်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ဖြုတ်ချပေးရန် နိုင်ငံတော်သံဃမဟာနာကအဖွဲ့(မဟန) က နောက်ဆုံးသတ်မှတ်ချိန် ကုန်ဆုံးသွားပြီးနောက် ထို ၁၁ မိနစ်ကြာ ဗီဒီယိုကို ဦးဝီရသူက ဖေ့စ်ဘွတ်တွင် တင်ခဲ့သည်။
မဘသသည် ဝိနည်းနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့မဟုတ်သောကြောင့် တရားဝင်အဖွဲ့အစည်း မဟုတ်ကြောင်း မဟနက လွန်ခဲ့သောနှစ်က ကြေညာခဲ့သည်။ မွတ်ဆလင် လူနည်းစုကို ပစ်မှတ်ထားသော ဘာသာရေးကြောင့်ဖြစ်သည့် အဓိကရုဏ်းများ နိုင်ငံတွင် ပေါ်ပေါက်လာပြီးနောက် ၂ နှစ်အကြာ ၂၀၁၄ ခုနှစ်တွင် စတင်ထူထောင်ခဲ့သော မဘသသည် ယခုအခါ တနိုင်ငံလုံးတွင် အဖွဲ့ခွဲများ ရှိလာပြီး မဘသဟူသော အသုံးအနှုန်းသည် ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒဖြင့်ပင် ချိတ်ဆက်လာသည်။
မဘသအမည်ဖြင့် လုပ်ငန်းဆောင်ရွက်ခြင်း မပြုရန်နှင့် ၎င်း၏ ဆိုင်းဘုတ်များကို ဖယ်ရှားရန် မဟနက မေလ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ မဘသ ဦးဆောင်ဆရာတော်များက ထိုကြေညာချက်ကို သိရှိပြီး သဘောတူကြောင်း လက်မှတ်ရေးထိုးခဲ့သော်လည်း အချို့သောအဖွဲ့ခွဲများက လိုက်နာခြင်း မရှိကြပေ။
“NLD အစိုးရ ဆင်းသွားတာ ကောင်းတယ်။ မဘသကို လာမထိနဲ့။ မဘသက အတိုက်အခံ မဟုတ်ဘူး။ အစိုးရက မလုပ်နိုင်တဲ့ အမျိုးဘာသာကို မဘသ က အကာအကွယ်ပေးနေတာ” ဟု ဦးဝီရသူက ဗီဒီယိုတွင် ပြောသည်။
“မဘသဟာ ဘာသာ သာသနာကို ကာကွယ်နေတဲ့အဖွဲ့ဖြစ်တယ်။ ဒီကဏ္ဍမှာ အစိုးရက မကျွမ်းကျင်ဘူး။ မဘသကို အပြစ်တင်ပြီး တရားခံလာမရှာနဲ့။ သတ္တိရှိရင် ပွင့်လင်းမြင်သာပြီးတော့ နိုင်ငံကို ကျွမ်းကျွမ်းကျင်ကျင် စီမံနိုင်သူတွေကို အာဏာလွှဲပေးလိုက်” ဟုလည်း ပြောသည်။
သံဃာဖြစ်စေ လူဖြစ်စေ နိုင်ငံတော်၏ အမိန့်ကိုမနာခံလျှင် အစိုးရက ဥပဒေအရ အရေးယူမည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီးနောက် အထက်ပါ ဗီဒီယိုပေါ်ထွက်လာသည်။
ပြန်ကြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် မန္တလေးတိုင်းနှင့် ကရင်ပြည်နယ် မဘသ အဖွဲ့ခွဲများကို သတိပေးထားသည်။ ထိုအဖွဲ့ခွဲ ၂ ခုတို့သည် မဟန၏ မေလကြေညာချက်ကို မလိုက်နာဘဲ ဆိုင်းဘုတ်မဖြုတ်ကြပေ။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မဘသကို နိုင်ငံတွင် မလိုကြောင်း ပြောစဉ်ကနှင့် အစိုးရက သူ့ကို တရားဟောခွင့် တနှစ်ပိတ်စဉ်က သူ စိတ်ရှည်သည်းခံခဲ့သည်ဟု ဦးဝီရသူက ဗီဒီယိုတွင်ပြောသည်။
သို့သော် မဘသကို ဖျက်သိမ်းရန် ရည်ရွယ်ချက်ကို ခွင့်မလွှတ်နိုင်သောကြောင့် တုံ့ပြန်ရသည်ဟုလည်း ပြောဆိုသည်။
“မဘသဟာ ထေရဝါဒ အတွက် ခံတပ်ပဲ။ ဒီခံတပ်ကို ဖျက်တာကို ခွင့်မပြုနိုင်ဘူး။ မဘသ ဆိုင်းဘုတ်တွေ ကျဆုံးသွားရင် ဘာသာ သာသနာကွယ်လိမ့်မယ်။ ကျုပ်အသက်ပေးပြီး ကာကွယ်မယ်” ဟုလည်း ဦးဝီရသူက ပြောဆိုသည်။
NLD အစိုးရသည် စီးပွားရေးကို ကိုင်တွယ်ရာတွင် မှားယွင်းနေပြီး ဦးသိန်းစိန်အစိုးရနောက်ပိုင်းတွင် နိုင်ငံ၏ စီးပွားရေး ကျဆင်းနေသည်ဟု ဦးဝီရသူက ပြစ်တင်သေးသည်။
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ယခုမှ ငြိမ်းချမ်းရေးကို နားလည်စပြုလာကြောင်း၊ ငြိမ်းချမ်းရေးသည် ဒေါ်အောင်ဆန်းစုကြည်ထင်သလောက်မလွယ်ကြောင်းနှင့် အခက်အခဲများကို နားလည်လာသောကြောင့် ပြည်သူလူထုကို ဝန်ခံသင့်ကြောင်းလည်း ဦးဝီရသူက ပြောသည်။
တိုင်းပြည်သည် ဦးသိန်းစိန်လက်အောက်တွင် ပိုမိုကောင်းမွန်ကြောင်း၊ ထိုစဉ်က ကုန်ဈေးနှုန်းများ နိမ့်ပြီး ဈေးကွက်အတွင်း ကုန်စည်အများအပြား ရှိနေသည်ဟုလည်း ပြောသည်။
“အရင်က ကျုပ်တို့ဆင်းရဲတယ်။ ဒါပေမယ့် NLD အစိုးရလက်အောက်လောက်တော့ မဆင်းရဲဘူး။ အစိုးရက ဒီအတိုင်းဆက်လုပ်နေရင် လူတွေ ပိုဒုက္ခရောက်ကုန်မယ်” ဟုလည်း ပြောသည်။ တနလာင်္နေ့အထိ ထိုဗီဒီယိုကို ဖေ့စ်ဘွတ်သုံးစွဲသူ ၈၀၀၀ နီးပါးက ဆက်လက်မျှဝေခဲ့ကြသည်။
မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်ရှိ ကင်းဝန်မင်းကြီးကျောင်းတွင် အမျိုးသားရေးဝါဒီများသည် ရဲတပ်ဖွဲ့ကဖြိုခွဲမည်ကို စိုးရိမ်သောကြောင့် မဘသ ဆိုင်းဘုတ်များကို စောင့်ကြပ်နေကြသည်။
သို့သော် တနင်္လာနေ့အထိ ရဲတပ်ဖွဲ့ ဖြိုခွဲမည့် အလားအလာ မမြင်ရသေးသကဲ့သို့ ဆိုင်းဘုတ်များ အတင်းအကျပ်ဖြုတ်ခြင်းလည်း မရှိသေးပေ။ သတင်းသမားများ ဓာတ်ပုံ၊ ဗီဒီယို မရိုက်ရန် အမျိုးသားရေးသမားများက ပြောကြားထားသည်။