သတင်း

ထိုင်းအစိုးရ၏ အထောက်အထားလုပ်ပေးမည့်အစီအစဉ် စိုးရိမ်မှုများရှိနေ

Want create site? Find Free WordPress Themes and plugins.

ထိုင်းအလုပ်သမားဝန်ကြီးဌာနက မြန်မာရွှေ့ပြောင်းလုပ်သား ၁ သန်းခွဲအတွက် စင်တာ ၉၉ ခု ဖွင့်၍ အထောက်အထားများ လုပ်ပေးမည့် အစီအစဉ်နှင့်ပတ်သက်ပြီး မြန်မာအလုပ်သမားများအရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများက စိုးရိမ်ကြောင်း ပြောဆိုသည်။

ထိုင်းအစိုးရက မြန်မာလုပ်သားများအတွက် အထောက်အထားစာရွက်စာတမ်း ပြုလုပ်ပေးမည့် အစီအစဉ်တွင် အလုပ်ရှင်ကိုယ်စား ကြားလူက ဝင်ရောက်လုပ်ပေးခွင့် ရှိခြင်းကြောင့် ပွဲစားများခေါင်းပုံဖြတ်မည်ကို ကြုံတွေ့လာနိုင်သဖြင့် စိုးရိမ်ကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ၏ အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက ပြောသည်။

ဦးမင်းဦးက “အလုပ်ရှင်က မလိုက်နိုင်လို့ရှိရင် ကိုယ်စားလှယ်နဲ့ ဆောင်ရွက်ခွင့် ရှိသည်ဆိုတော့ ရှင်းရှင်းပြောရရင် ပွဲစားတွေအတွက် လမ်းခင်းပေးသလိုဖြစ်နေတာ။ အဲဒီလိုဖြစ်လာရင် အလုပ်သမားတွေအနေနဲ့ ပွဲစားတွေရဲ့ ခေါင်းပုံဖြတ်တာတွေကို ကြုံရမှာပဲ။ အခုတောင် အလုပ်ရှင်မရှိရင် ဘတ် ၈,၅၀၀ ဆိုပြီး ဈေးပေါက်နေတယ်” ဟု ဧရာဝတီကို ပြောသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ဇူလိုင်လ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်အရ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများသည် ဇူလိုင်လ ၂၄ ရက်မှ သြဂုတ်လ ၇ ရက်အတွင်း နိုင်ငံကူးလက်မှတ် ပတ်စပို့စ်စာအုပ် ပြန်လုပ်ရန်နှင့် ထိုင်းနိုင်ငံအတွင်း ထုတ်ပေးနေသော မည်သူမည်ဝါဖြစ်ကြောင်း CI (Certification of Identification) ကတ်တို့အတွက် ထောက်ခံချက်ပြုလုပ်ပေးမည်ဟု အသိပေးကြေညာထားသည်။

ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN ) ဒုဥက္ကဋ္ဌ ဦးအောင်ကျော်က “ထိုင်းနိုင်ငံမှာ အလုပ်သမားနဲ့ ပတ်သက်ပြီး ကြုံတွေ့ရတဲ့ပြဿနာတွေမှာ အလုပ်ရှင်ကဦးဆောင်ပြီး မလုပ်ခဲ့လို့သာ ဒီပြဿနာတွေက ပေါ်ပေါ်လာခဲ့တာ။ အလုပ်ရှင်ကို မဖြစ်မနေကိုယ်တိုင်လုပ်ရမယ်လို့ ထိုင်းအစိုးရက တာဝန်ပေးတာကို ပိုကြိုက်တယ်။ အခု အဲဒီလိုမဟုတ်ဘဲနဲ့ သင့်တော်သောမန်နေဂျာ သို့မဟုတ် အလုပ်ရှင်က ယုံကြည်ထိုက်သူတဦးကို General Power လွှဲပြီးလုပ်တဲ့သဘောမျိုးဆိုတာ ကြားပွဲစားတွေ ဒီမှာဝင်ပြီး ပတ်သက်လာမှာကို စိုးရိမ်နေတယ်” ဟု ဆိုသည်။

စင်တာများမှ ထုတ်ပေးသော ထောက်ခံချက်ဖြင့် မြန်မာနိုင်ငံသို့ လွတ်လပ်စွာပြန်၍ ပတ်စပိုစ့်စာအုပ် လုပ်နိုင်မည်ဖြစ်ပြီး၊ ပစ်စပိုစ့်စာအုပ်လုပ်ပြီး၍ ထိုင်းနိုင်ငံသို့ ပြန်လာသည့်အချိန်တွင် မိမိအလုပ်ရှင်နှင့်အတူ ထိုစင်တာများသို့ သွားရောက်၍ နေထိုင်၊ လုပ်ကိုင်ခွင့်ရရှိရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်းနှင့် ထိုသို့လုပ်ဆောင်ရာတွင် ဗီဇာခ ဘတ် ၅၀၀၊ ကျန်းမာရေးစစ်ခ ဘတ် ၅၀၀ နှင့် Work Permit ခ ဘတ် ၁၀၀၀ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံသို့ပြန်ပြီး ပတ်စပို့စ်မလုပ်နိုင်၍ CI ကတ် လုပ်ဆောင်ရန် ဆုံးဖြတ်ထားသူများသည်လည်း ကျဟာငန်းရုံး(အလုပ်ရှာဖွေရေးရုံး)များက ထုတ်ပေးထားသည့် ထောက်ခံချက်များဖြင့် ထိုင်းနိုင်ငံရှိ မြန်မာအစိုးရက ဖွင့်လှစ်ပေးထားသော CI ရုံးများတွင် သွားရောက်လုပ်ဆောင်ရမည်ဖြစ်ပြီး CI ကတ် ကုန်ကျစရိတ်မှာ စာအုပ်ဖိုး ဘတ် ၃၀၀၊ ဗီဇာခ ဘတ် ၅၀၀၊ ကျန်းမာရေးစစ်ခ ဘတ် ၅၀၀၊ Work Permit ခ ဘတ် ၁၀၀၀ ဖြစ်သည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထောက်ခံချက်များပြုလုပ်ရန် ဇူလိုင်လ ၂၄ ရက်မှ သြဂုတ်လ ၇ ရက်အထိ ပိတ်ရက်မရှိ ၁၅ ရက် သတ်မှတ်ပေးထားကြောင်းနှင့် ထိုင်းနိုင်ငံအတွင်း စင်တာ ၉၉ ခု ဖွင့်လှစ်ပေးထားပြီး စင်တာ ၁ ခုတွင် ကောင်တာ ၃၀ ထားရှိ၍၊ ၁ ရက်လျှင် အလုပ်သမားဦးရေ ၃ သောင်းကို ပြုလုပ်ပေးမည်ဟု ပြောဆိုထားသည်မှာ ဖြစ်နိုင်မှုအားနည်းကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ဒါရိုက်တာဦးကျော်သောင်းက ဧရာဝတီသို့ ပြောသည်။

ဦးကျော်သောင်းက “ရိုးရိုး ဘာအချက်အလက်မှမထည့်ဘဲ ဓာတ်ပုံရိုက်ရုံသက်သက်တောင် သူတို့ပေးတဲ့အချိန်နဲ့ တရက်ကို လူ ၁ သောင်းဆိုတာ မဖြစ်နိုင်ဘူး။ ကိုယ်ရေး အချက်အလက်တွေရော၊ သူဌေးနာမည် အပြည့်အစုံ လိုအပ်တဲ့ဓာတ်ပုံ၊ လက်ဗွေတို့ဘာတို့ စကင်ဖတ်ပြီးတော့မှ လုပ်တဲ့ကိစ္စ အလုပ်သမား ၁ ယောက်ကို အနည်းဆုံး ၁၀ မိနစ်လောက် ပေးရတယ်။ တနေ့မှာ ၈ နာရီကနေ ၁၀ နာရီအထိလုပ်ဦး လူဦးရေအချိုးနဲ့တွက် လုံးဝမဖြစ်နိုင်ဘူး” ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် အထောက်ထားမဲ့ နေထိုင်လုပ်ကိုင်နေသည့် အလုပ်သမားများ လူပွဲစားများ၏ ခေါင်းပုံဖြတ်ခြင်း မခံရစေရန် အလုပ်ရှင်များကိုယ်တိုင် လိုက်ပါဆောင်ရွက်ပေးပြီး အထောက်အထားလုပ်ဆောင်ရမည့် ရက်ကိုလည်း နှစ်ပတ်ထက်တိုး၍ လုပ်ဆောင်ခွင့်ပြုသင့်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေး ဆောင်ရွက်နေသူများက ထောက်ပြပြောဆိုနေကြသည်။

ထိုအခြေအနေများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးရှိ အလုပ်သမားသံအရာရှိထံ ဧရာဝတီက ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မရှိပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading