ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးပြုံးချိုကို အဂတိလိုက်စားမှု စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဇူလိုင်လ ၁၆ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ကရင်ပြည်နယ် သာသနာရေးနှင့် မွန်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးမင်းတင်ဝင်းက “သူ ကရင်ပြည်နယ် ရောက်လာတာ ၃ လပဲ ရှိသေးတယ်။ တော်တော်ကို သွက်လက်တဲ့ အရာရှိပဲလို့ သုံးသပ်နေတုန်းမှာပဲ အခုလို အဖမ်းခံရတာ။ အသေးစိတ် ကတော့ မသိဘူး။ အခု ဒီမှာလည်း မရှိတော့ဘူး။ ခေါ်သွားကြပြီ”ဟု ဧရာဝတီသို့ ပြောသည်။
ဦးပြုံးချိုနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့သည် ယခုမှ မျက်မှန်းတန်းမိရုံသာ ရှိသေးပြီး ချင်းပြည်နယ်မှ ပြောင်းလာသည်မှာ မကြာသေးကြောင်း၊ ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ မှန်ကန်သည်ဟု အတည်ပြုကြောင်းလည်း ၎င်းက ပြောသည်။
ဦးပြုံးချို ဖမ်းဆီးခံရသည့် အကြောင်းရင်းမှာ ၂၀၁၅ ခုနှစ်တွင် ဒုတိယ အမြဲတမ်းအတွင်းဝန် တာဝန် ထမ်းဆောင်စဉ်က ရန်ကုန်မြို့ရှိ မြေကွက်တခုနှင့် ပတ်သက်ပြီး ကျပ်သိန်းထောင်ချီသည့် အဂတိလိုက်စားမှုတခုတွင် ပါဝင်ခဲ့ကြောင်း၊ ယင်း ဖြစ်စဉ်ထဲတွင် Alphard မော်တော်ယာဉ်၊ Mark 2 မော်တော်ယာဉ်များ ရယူခဲ့ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ဦးဇော်ဌေးက “အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အလေးထား ဆောင်ရွက်နေတာ ဖြစ်ပေမယ့်လည်း တချို့သော ကိစ္စတွေက စစ်ဆေးတဲ့အခါ ကျော်ဇောမှုသဘောမျိုး ဖြစ်နေပြီး တိကျတဲ့၊ ခိုင်မာတဲ့ သက်သေ အထောက်အထားတွေ လိုအပ်ပါတယ်။ သံသယဖြစ်ခြင်း ခံရသူတွေအနေနဲ့လည်း ဥပဒေနဲ့အညီ ပြန်လည် ရှင်းလင်း ချေပခွင့် ရှိရမှာ ဖြစ်ပါ တယ်”ဟု ဆိုသည်။
ယင်းအမှုသည် ပြည်ထဲရေး ဝန်ကြီးဌာနသို့ တိုင်ကြားခဲ့သည့် အမှုဖြစ်ပြီး ဌာန၏ အရာရှိများ ပါဝင်နေ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ လွှဲပြောင်းစေခဲ့ကြောင်း၊ စစ်ဆေးရာတွင် ဦးပြုံးချို၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုရဲမှူးကြီးတဦး၊ ဒုညွှန်ကြားရေးမှူးတဦး၊ ဦးစီးအရာရှိတဦးနှင့် မြေပိုင်ရှင် ကိုယ်စားလှယ် လွှဲအပ်ခံရသူ ၂ ဦးတို့ကို အဂတိလိုက်စားမှု တိုက် ဖျက်ရေး ဥပဒေဖြင့် အရေးယူနိုင်ရန် တရားစွဲဆိုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဟင်္သာနီ(မွန်မြေ) ပူးပေါင်းရေးသားသည်။