သတင်း

တောင်တရုတ်ပင်လယ်ပြင် မုန်တိုင်းအကြွင်းအကျန်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းမိုးကြီးနိုင်

တောင်တရုတ်ပင်လယ်ပြင်တွင် ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းအကြွင်းအကျန် မိုးတိမ်များ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာရာ မြန်မာနိုင်ငံ အလယ်ပိုင်းအပါအဝင် ဒေသတချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ပြောသည်။

နေရာကွက်ပြီး မိုးကြီးမှုသည် လာမည့် ၃ ရက်အတွင်း ဖြစ်ပေါ်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများနှင့် တောင်ပေါ်ဒေသများတွင် မိုးကြီးမှုကြောင့် တောင်ကျချောင်းရေ အန္တရာယ်ကိုပါ သတိထားရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဧရာဝတီကို ပြောသည်။

“အကြွင်းအကျန် မိုးတိမ်တိုက်တွေကြောင့် သိသိသာသာ မြစ်ရေတက်တာမျိုး မရှိဘူး။ အလယ်ပိုင်းတွေမှာ မိုးရွာတော့ မြစ်ရေကျဖို့ အနည်းငယ်တန့်သွားတဲ့ အနေအထားပဲရှိမယ်။ နေရာကွက်ပြီး မိုးကြီးတာတွေဖြစ်လာရင် သတိထားရမှာက မြန်မာနိုင်ငံအလယ်ပိုင်း၊ တောင်ပေါ်ဒေသတွေမှာ တောင်ကျချောင်းရေကို သတိထားရမှာပါ” ဟု ဦးကျော်မိုးဦးက ပြောသည်။

မိုးကြီးနိုင်သည့်ဒေသများမှာ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း ၊ နေပြည်တော်၊ မကွေးတိုင်း ၊ ရှမ်းပြည်နယ် ၊ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနသာင်္ရီတိုင်းတို့ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် အားကောင်းသည့် အပူပိုင်းမုန်တိုင်းသည် ဗီယက်နမ်ကမ်းခြေသို့ ဖြတ်ကျော်ပြီး ကုန်းတွင်းမုန်တိုင်းအဖြစ် တည်ရှိနေပြီးနောက် တဖြည်းဖြည်းအားလျော့လာကာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ဇူလိုင် ၁၇ ရက် ညပိုင်းတွင် အရှေ့လေပွေလှိုင်းအဖြစ် ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း၏လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာမှတဆင့် သတိပေးထားသည်။

ရွှေ့လျားလာသည့် အရှေ့လေပွေလှိုင်းကြောင့် နေရာကွက်ကြား မိုးသည်းနိုင်တဲ့နေရာများမှာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ် တို့ဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောဆိုသည်။

Loading