အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ)အဖွဲ့ ဆိုင်းဘုတ်များ မဖြုတ်သိမ်းသူကို အရေးယူဆောင်ရွက်ရန် ညွန်ကြားပြီးဖြစ်၍ ထပ်မံညွန်ကြားစရာ မလိုတော့ကြောင်း နိုင်ငံတော် သံဃမဟာ နာယက (မဟန) အဖွဲ့ဝင် ဆရာတော် ဘဒ္ဒန္တ ပဏ္ဏဝါဘိဝံသ က မိန့်ကြားသည်။
ဆရာတော်ဘဒ္ဒန္တ ပဏ္ဏဝါဘိဝံသက “ညွန်ကြားချက်ကို မလိုက်နာရင် အရေးယူခံရမယ်ဆိုတာ အတိအလင်း ကြေညာ ထားပြီးသားပါ၊ အဲ့ဒီအတွက် ဘာမှထပ်ပြီး ညွန်ကြားစရာမရှိပါဘူး၊ ဒီရက်ထဲ မဟန စုံညီအစည်းအဝေး လုပ်ဖို့ ဖိတ်ထား တာလည်း မရှိသေးပါဘူး”ဟု ဧရာဝတီသို့ မိန့်သည်။
မဟန အနေဖြင့် မဘသ အဖွဲ့အပေါ် တရားမဝင်ကြောင်း ကြေညာခဲ့ပြီး ဆိုင်းဘုတ်များအား ဇူလိုင် ၁၅ ရက်နေ့ နောက်ဆုံး ထားဖြုတ်သိမ်းရန် ညွန်ကြားထားသော်လည်း ကရင်ပြည်နယ်နှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ ယနေ့အထိ ဆိုင်းဘုတ်များ ဖြုတ်ချခြင်း မရှိသေးဘဲ ကရင်ပြည်နယ် မဘသအဖွဲ့မှ ဆိုင်ဘုတ် အသစ် ပြုလုပ်ကာ ဇူလိုင် ၁၆ ရက်နေ့တွင် တပ်ဆင်ခဲ့ သည်။
မဘသ အဖွဲ့အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်း မဟုတ်သကဲ့သို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အသင်းအဖွဲ့ ဥပဒေ များနှင့်အညီ ဖွဲ့စည်းထားသည့် အတွက် ဖြုတ်ချပေးနိုင်မည် မဟုတ်ကြောင်း ကရင်နှင့်မန္တလေးတိုင်း မဘသ ဦးဆောင် ဆရာတော်များ က ပြောဆိုထားသည်။
မန္တလေးတိုင်း မဘသ အဖွဲ့မှ အရှင်ယသက “ဦးပဉ္စင်းတို့က သံဃအခြေခံစည်းမျဉ်း ၂၀/၉၀ ပါ စည်းမျဉ်းစည်းကမ်းတွေကို တခုမှ ချိုးဖောက်ထားတာ မရှိဘူး၊ ဒါကို အရေးယူမယ်ဆိုရင်လည်း သူတို့အပိုင်းပေါ့၊ ဦးပဉ္စင်းတို့ကတော့ ရပ်တည်ချက် အတိုင်း ဥပဒေအရ တာဝန်ယူ ဖြေရှင်းသွားမှာပါ”ဟု မိန့်သည်။
လတ်တလော ဆိုင်းဘုတ် ဖြုတ်ချခြင်း မရှိသူများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဆရာတော်ကြီးများက ဆုံးဖြတ်မည်ဖြစ်ပြီး အရေးယူ ဆောင်ရွက်ရန် ဝန်ကြီးဌာန အနေဖြင့် ထပ်မံညွန်ကြားစရာ မရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဇာနည်ဝင်းကလည်း ပြောသည်။
ဦးဇာနည်ဝင်းက “ဒါတွေက သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက သူတို့သဘောထား သူတို့ဖော်ပြနေတာပေါ့၊ ကျနော်တို့ နိုင်ငံတော် သံဃ မဟာနာယကနဲ့ အစိုးရရဲ့ သဘောထားက သတင်းစာထဲမှာ ဖော်ပြပြီးပြီ။ နိုင်ငံတော်သံ ဃမဟာနာယကရဲ့ အထူး အစည်းအဝေး သုံးသပ်ချက်ရဲ့ နောက်ဆက်တွဲကို ဖော်ပြပြီးပြီ။ တကယ်တမ်း ဆိုင်းဘုတ် ဖြုတ်ခြင်း မဖြုတ်ခြင်း ကိစ္စက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေက ဆက်လက် ဆောင်ရွက်ရမယ့် ကိစ္စတွေပဲဖြစ်ပါတယ်”ဟု ပြောဆို သည်။
မဟန အနေဖြင့် ညွန်ကြားချက်အား လိုက်နာခြင်းမရှိပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃအဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ အရ အရေးယူရန်နှင့် လူပုဂ္ဂိုလ်ဖြစ်ပါက သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် အရေးယူဆောင်ရွက်ရန် မေလ ၂၃ ရက်နေ့တွင် ညွန်ကြားထားခြင်း ဖြစ်သည်။
ဥပဒေအရ သံဃအဖွဲ့အစည်း ဆိုင်ရာဥပဒေ ၂၀/၉၀ ဖြင့် အရေးယူခံရမည်ဆိုပါက ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိ ချမှတ် နိုင်ကြောင်းလည်း သိရသည်။
ထွန်းထွန်း နှင့် ဖေသက်ထက်ခင် ပူးပေါင်း ရေးသားသည်။