သီပေါအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းသမား ၃ ဦး အပါအဝင် အမျိုးသား ၆ ဦးကို မြို့နယ်တရားရုံး၌ သတ်မှတ်ထားသည့် ရုံးထုတ်ရက်မတိုင်မီ ယနေ့တွင် ရုံးထုတ်၍ ချုပ်မိန့်ရယူလိုက်ကြောင်း သိရသည်။
သီပေါမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်းက “ အရင်ရုံးထုတ်တာက နမ့်ဆန်ကိုအမှုလွဲထားတဲ့အတွက် နမ့်ဆန်တရားရုံးအနေနဲ့ ချုပ်မိန့်ယူတာပေါ့၊ အခုက သီပေါမှာစစ်ဆေးဖို့ အတည်ပြုပြီးတဲ့အတွက် သီပေါတရားရုံးအနေနဲ့ ချုပ်မိန့်ယူတာပါ” ဟု ဧရာဝတီကို ပြောသည်။
ရုံးထုတ်ရက်ကို ဇူလိုင် ၂၁ ရက်ဟု မူလကသတ်မှတ်ပေးထားသော်လည်း စောလျင်စွာဖြင့် ယနေ့တွင် ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။ ယခုရုံးထုတ်ရက်မတိုင်ခင် ပထမတကြိမ် သတ်မှတ်ရုံးထုတ်ရက်ဖြစ်သည့် ဇူလိုင် ၁၁ ရက်တွင် ရမန်ပြည့်မည်ဖြစ်သော်လည်း ဇူလိုင် ၇ ရက်တွင် အချိန်စော၍ ရုံးထုတ်စစ်ဆေးခဲ့သည်။
ယခုကဲ့သို့ ရုံးထုတ်ရက် ရှေ့တိုးသတ်မှတ်ခြင်းနှင့် ပတ်သက်၍ ရဲမှူးမြင့်ဝင်းက သီပေါမြို့နယ် တရားသူကြီးသည် လာမည့်ဇူလိုင် ၂၁ ရက်တွင် တောင်ကြီးမြို့၌ ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ပြုလုပ်သည့် သင်တန်းတခုသို့ တက်ရောက်ရန်ရှိခြင်းကြောင့်ဖြစ်ကြောင်း ပြောဆိုသည်။
ယခုကဲ့သို့ ရုံးချိန်းရုံးထုတ်မှုများကို သတ်မှတ်ရက်မတိုင်မီ ရုံးထုတ်နေခြင်းက ပြည်သူများအပေါ် မလေးစားသည့် ပုံစံဖြစ်နေပြီး လုပ်ချင်သလိုလုပ်၍ရသည်ဆိုသည့် သဘောထားကို ပြသရာရောက်နေကြောင်း မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီမှ ကိုသာလွန်ဇောင်းထက်က ဝေဖန်ပြောဆိုသည်။
မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲခံထားရသည့် ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ဦးသိန်းဇော်(ခ) လဝီဝမ် နှင့် ဒီမိုကရက်တစ် မြန်မာ့အသံ(DVB)မှ သတင်းထောက် ဦးအေးနိုင်၊ ကိုပြည့်ဘုန်းနိုင်တို့ကို သီပေါတရားရုံး၌ လက်ရှိစစ်ဆေးနေကြောင်းနှင့် နောက်တပတ်ရုံးချိန်းကို ဇူလိုင် ၂၈ ရက် သတ်မှတ်လိုက်ကြောင်း သိရသည်။
ကိုသိန်းဇော်(ခ) လဝီဝမ်၏ ရှေ့နေဖြစ်သူဒေါ်ခင်မိမိက သတင်းသမားများကို ယခုကဲ့သို့စော၍ရုံးထုတ်ခြင်းကို ရှေ့နေဖြစ်သူပင် ကြိုတင်သိရှိခြင်းမရှိဘဲ ယနေ့ရုံးထုတ်ချိန်မှ သိရှိခြင်းဖြစ်ကြောင်းဖြစ်ကြောင်းပြောဆိုသည်။
ပြီးခဲ့သည့် ဇူလိုင် ၇ ရက်က ရုံးထုတ်ခဲ့ရာတွင်လည်း လုံခြုံရေးအနေဖြင့် သီပေါအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ ၂၃) မှ ဗိုလ်မှူးကျော်တေဇအပါအဝင် တပ်ဖွဲ့ဝင် ၂၈ ဦးဖြင့် လုံးခြုံရေးတင်းကြပ်၍ ရုံးထုတ်ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။
သတင်းသမား ၃ ဦးသည် ဇွန်လ ၂၆ ရက်က ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နယ်မြေတွင် ပြုလုပ်သည့် မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးသည့်ပွဲသို့ သတင်းသွားရောက်ယူပြီးအပြန်တွင် တပ်မတော်၏ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဇွန်လ ၂၈ ရက်တွင် တပ်မတော်က သီပေါရဲစခန်း၌ ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။