တန်ခိုးကြီးဘုရား ၁၀ ဆူခန့်မှ ဂေါပကအဖွဲ့ အား စည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီခြင်းကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ တိုင်ကြားမှုများ ရှိနေကြောင်း ယင်းဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဇာနည်ဝင်းက ပြောသည်။
ဦးဇာနည်ဝင်းက “တိုင်ခံထားရတာ ဆယ်ဂဏန်းလောက် ရှိတာပေါ့။ မှန်ခြင်း မမှန်ခြင်းကို ပြန်စစ်ဆေးနေပါတယ်။ ဂေါပကတွေ အလွဲသုံးစား လုပ်တာကို ထိုင်ကြည့်နေမယ်ဆိုရင် ဒါသာသနာကို မချီးမြှောက်တာပေါ့။ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်တွေမှာ ကျနော်တို့ ဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ သာသနာရေးမှူးတွေရှိတယ်။ သူတို့ကိုလည်း ဂေါပက စည်းမျဉ်းတွေနဲ့ ဂေါပကတွေဟာ သက်တမ်းကျော်နေပြီလားဆိုတာ ပြန်စစ်ခိုင်းထားတယ်” ဟု ဧရာဝတီကို ပြောသည်
အဆိုပါ တိုင်စာများ မှန်ကန်ခြင်းရှိ၊ မရှိ စိစစ်နေပြီး ဘုရားအမည်နှင့် အရေအတွက် အတိအကျကို ၎င်းက ဧရာဝတီအား ထုတ်ဖော် ပြောကြားခြင်း မရှိချေ။
နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၏ မူဝါဒနှင့် ဗုဒ္ဓသာသနာ အခြေခံ စည်းမျဉ်းများအရ ဘုရားစေတီများ၏ အလှူဘဏ္ဍာ ငွေများကို အခြားသော နေရာများတွင် သုံးစွဲခွင့်မရှိဘဲ ဆက်စပ်လုပ်ငန်းများဖြစ်သည့် ကားပါကင်ကြေး၊ ဖိနပ်အပ်လုပ်ငန်း စသည်တို့မှ ရရှိလာသည့် ငွေများကိုသာ သြဝါဒ စရိယဆရာတော်ကြီးများ၏ ခွင့်ပြုချက်ဖြင့် ဘုရားကြီးနှင့် သက်ဆိုင်သော လုပ်ငန်းများ၌သာ သုံးစွဲရမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ယခုလအတွင်း မီဒီယာများအား ပြောကြားခဲ့ဖူးသည်။
ဝန်ကြီးဌာနအနေဖြင့် တိုင်ကြားစာပါ အကြောင်းအရာများ ဖြစ်နိုင်၊ မဖြစ်နိုင် သုံးသပ်နေပြီး တိုင်ကြားသူနှင့် တိုင်ကြားစာ၏ အချက်အလက် ၊ အကြောင်းအရာများ မှန်ကန်ခြင်း ရှိ၊ မရှိကို သက်ဆိုင်ရာနယ်မြေရှိ အဖွဲ့အစည်း များနှင့် ချိတ်ဆက်ကာ အတည်ပြုနေသည်ဟုလည်း ၎င်းက ပြောသည်။
ပြည်ထောင်စုအဆင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အနေဖြင့် ရွှေတိဂုံစေတီတော်၊ ကျိုက်ထီးရိုးနှင့် မဟာ မြတ်မုနိ ဘုရားကြီးတို့ကိုသာ စီမံ ခန့်ခွဲနေခြင်းဖြစ်ပြီး ကျန်တန်ခိုးကြီး ဘုရားများအတွက် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း ဒေသကြီး အစိုးရအဖွဲ့များကသာ စီမံခန့်ခွဲနေကြောင်း၊ ယခု တိုင်ကြားစာများ မှန်ကန်ပါက သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း အစိုးရအဖွဲ့မှတဆင့် ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဇာနည်ဝင်းက ရှင်းပြသည်။
လက်ရှိ အစိုးရလက်ထက် သက်တမ်းအစမှာပင် သာသနာရေး ဝန်ကြီးဌာနက စီမံခန့်ခွဲပိုင်ခွင့်ရှိသော ရွှေတိဂုံ၊ ကျိုက်ထီးရိုး နှင့် မဟာမြတ်မုနိ စေတီတော်ကြီးတို့မှ ဂေါပကအဖွဲ့များနှင့် ရန်ကုန်တိုင်းဒေသကြီး ၊ ဗိုလ်တထောင်ဘုရားရှိ ဂေါပကအဖွဲ့ တို့ကို အဖွဲ့ဝင်အသစ်များဖြင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ပြီးနောက် ဘုရားကြီးများနှင့် ဆက်စပ်သည့် ကန်ထရိုက်လုပ်ငန်း ချထားပေးမှုများကို စိစစ် ကြပ်မတ်ခဲ့သည်။
ဂေါပက အဖွဲ့ဝင်သစ်များ လက်ထက်တွင် စေတီတော်၏ အလှူခံ ရရှိငွေများမှာ ယခင်ဂေါပကအဖွဲ့များထက် သိသိသာသာ မြင့်တက်လာခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။
ရွှေတိဂုံစေတီတော်ကြီး၏ ဘဏ္ဍာရန်ပုံငွေမှာ ၂၀၁၆ ခုနှစ်အထိ ကျပ် ၅၈ ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၁၄၈ သိန်းကျော်ရှိခဲ့ပြီး၊ ၂၀၁၇ ခုနှစ်တွင် ငွေကျပ် ၂ ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၁ သိန်းကျော် တိုးတက်ရရှိကြောင်း၊ ကျိုက်ထီးရိုးစေတီတော်၏ ဘဏ္ဍာရန်ပုံငွေသည်လည်း ၂၀၁၅-၂၀၁၆ ပွဲတော်ရာသီအထိ ကျပ် ၁ ဒသမ ၆ ဘီလီယံ ရှိခဲ့ကြောင်းနှင့် လက်ရှိ ၂၀၁၆-၂၀၁၇ ပွဲတော်ရာသီတွင် ကျပ် ၅ဒသမ ၁၇ ဘီလီယံအထိ ရရှိခဲ့၍ ၁ နှစ်အတွင်း ကျပ် ၃ ဒသမ ၅၇ ဘီလီယံ တိုးတက်ရရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်သည်။