သတင်း

မန္တလေးတိုင်းရှိ လယ်သိမ်းခံတောင်သူများ သပိတ်စခန်း ဆက်လက်ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ် ၁၂ ခုမှ တရားစွဲခံထားရသည့် လယ်သိမ်းခံ တောင်သူများက ၎င်းတို့၏ တောင်းဆိုချက်များကို တိုင်းအစိုးရအဖွဲ့က ဆောင်ရွက်ပေးသည်အထိ သပိတ်စခန်း ဆက်လက်ဖွင့်လှစ်ထားမည်ဟု မြန်မာတနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ကိုမောင်စိုး က ပြောသည်။

သပိတ်စခန်းဖွင့်သည့် တောင်သူအင်အား ၂၀၀ ဝန်းကျင်ရှိပြီး မန္တလေးတိုင်းမှ မဟာအောင်မြေ၊ ပုသိမ်ကြီး၊ အမရပူရ၊ ပြည်ကြီးတံခွန်၊ မြစ်သား၊ စဉ့်ကိုင်၊ ငါန်းဇွန်၊ ဝမ်းတွင်း၊ ပြင်ဦးလွင်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်တို့မှ ဖြစ်သည်။

၎င်းတို့ အမှုများကို ပြန်လည် ရုပ်သိမ်းပေးရေး၊ သိမ်းဆည်းခံလယ်မြေများ ပြန်လည် ရရှိရေး အတွက် တိုင်းအစိုးရအဖွဲ့ရုံးအနီး ၆၂ လမ်း၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြားတွင် ဇူလိုင် ၆ ရက်မှ စတင်၍ သပိတ်စခန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

“လယ်သိမ်းခံတောင်သူက ထွန်တုံးတိုက်ပွဲနဲ့ ဆန္ဒပြတဲ့ကိစ္စမျိုးကို မဆိုင်တဲ့ပုဒ်မမျိုးစုံတပ်ပြီး တရားစွဲထားတဲ့ အမှုတွေကို ရုပ်သိမ်းပေးဖို့အတွက် တောင်သူတွေက အဓိကတောင်းဆိုတာပါ” ဟု သပိတ်စခန်းဦးဆောင်သူ ကိုမောင်စိုးက ရှင်းပြသည်။

သပိတ်စခန်းတွင် ပါဝင်သည့် မြစ်သားမြို့နယ်မှ တောင်သူဒေါ်ခင်ညိုကလည်း “တောင်းဆိုတာ မရမချင်းတော့ သပိတ်စခန်းဆက်ဖွင့်သွားမယ်။ အဲဒီအတွက် တရားစွဲမယ်ဆိုရင်လည်း ရင်ဆိုင်ဖို့ပဲရှိတာပါပဲလေ” ဟု ဆိုသည်။

တိုင်းဒေသကြီး အစိုးရ အဖွဲ့ကမူ မန္တလေးတိုင်းအတွင်းရှိ တရားစွဲဆိုခံထားရသည့် တောင်သူများ၏ အမှုများကို စိစစ်၍ ဖြေလျှော့နိုင်ပါက ဖြေလျှော့ပေးမည် ဖြစ်ကြောင်း ပြောဆိုကာ သပိတ်စခန်းမှ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

“တရားရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးက လွှမ်းမိုးလို့မရတဲ့အတွက် တိုင်းဥပဒေချုပ်၊ ရှေ့နေချုပ်တို့နဲ့ ဆွေးနွေးပြီး ဖြေလျှော့စရာရှိတယ်ဆိုရင် လျှော့ပေးသွားမှာပါ” မန္တလေးတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဒေါက်တာ စိုးသန်းက ပြောသည်။

မန္တလေးတိုင်းအတွင်းရှိ ၁၂ မြို့နယ်အတွင်း သိမ်းဆည်းခံ လယ်မြေဧရိယာမှာ ခန့်မှန်းခြေဧက သောင်းဂဏန်းခန့်ရှိပြီး ၁၉၈၈ နောက်ပိုင်းဖြစ်ပွားခဲ့သည့် သိမ်းဆည်းခံလယ်မြေပြဿနာများကိုသာ အစိုးရအဖွဲ့က စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

မန္တလေးတိုင်းအစိုးရအဖွဲ့က သပိတ်စခန်းဖွင့်သည့် တောင်သူများနှင့် ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်က တကြိမ်၊ ၁၇ ရက်က တကြိမ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Loading