ဇူလိုင် ၁ ရက်နေ့က စတင်ရောင်းချသည့် ၅၀၀ ကျပ်တန် ကျပ်သိန်း တသောင်းဆု ထီလက်မှတ်များကို ကြိုတင်မှာယူ ထားသော်လည်း မဝယ်ဘဲ ပျက်ကွက်သည့် ထီကိုယ်စားလှယ်များအား ယခုလမှ စ၍ စရန်ငွေ ပိတ်သိမ်း အရေးယူမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။
ထီလက်မှတ် မှာယူမှုများ ရှိပါက အစောင်ရေနှင့် အက္ခရာအလုံးရေ တိုးရ၍ ယင်းထီများ ရိုက်နှိပ်ရာတွင် အက္ခရာ တလုံး လျှင် ကျပ်သိန်း ၅၀ ခန့် ကုန်ကျစရိတ် ရှိသောကြောင့် ပျက်ကွက်သည့် ထီကိုယ်စားလှယ်များကို မြန်မာ့အောင်ဘာလေ သိန်းဆုဌာနက ရောင်းချပေးတော့မည် မဟုတ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ရှင်းပြသည်။’
‘‘ဒီလမှာ အက္ခရာ အလုံးရေ ၅၀ ရောင်းမယ်ဆိုပြီး စီစဉ်ထားတယ်။ ယူမယ့် ကိုယ်စားလှယ်တွေက ကြိုတင်ပြီးတော့ စရန်ငွေတင်ပြီး ၃လစာ ကြိုယူထားတယ်။ ထီဈေးကွက် အရောင်းထိုင်းမှု တခါ ဖြစ်တဲ့အတွက် လာမယူဘဲ ကျန်နေတာ ရှိတယ်။ နိုင်ငံတော်က ကုန်ကျစရိတ်တွေ ရှိတယ်။ ဒါကြောင့် မှာပြီး လာမထုတ်တဲ့ သူတွေကိုု တင်ထားတဲ့ ကြိုတင်ငွေ သိမ်းလိုက်မှာ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် အောင်ဘာလေရုံး၌ ထီလက်ကျန် အုပ်ရေ ၁သိန်း၄ သောင်း ကျန်ရှိနေကြောင်း ထီဈေးကွက်မှာ မငြိမ်တော့၍ ထီလက်မှတ်များ ဈေးကျချိန်တွင် မှာယူထားသည်များကို လာမယူကြတော့သဖြင့် ယင်းသို့ အရေးယူရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်မှ ကိုတေဇာမင်းက “ကျနော်တို့က အရင် ကျပ် ၂၀၀ တန် ထီကတည်းက စရန်ငွေ တွေ တင်ထားပြီးသားဆိုတော့ ထပ်လုပ်စရာမလိုဘူး။ ထီဆိုင်အသစ်တွေ၊ အခုမှ မှတ်ပုံတင်တဲ့ ကိုယ်စားလှယ်တွေကို ပြောတာ။ ဥပမာ ကျပ်သိန်း ၂၀ သွင်းရမယ်။ ကျပ်သိန်း ၆၀ ဖိုး ဝယ်ရမယ်။ မဝယ်ရင် စရန်ငွေတင်တာ ရှုံးမယ်။ ဒါတွေက တဦးချင်း ကိုယ်စားလှယ်တွေကို ပြောတာ” ဟု ပြောသည်။
ယခင်က ထီကိုယ်စားလှယ်များသည် မိုးယံ ရွှေလမင်းနှင့် မြတ်ဆုကုဋေ၊ ရွှေမြန်မာ၊ စိုးမိုးကျော်နှင့် ဝိုင်းဝိုင်းလည် စသည့် ထီဆိုင်များမှတို့မှ တဆင့်ခံ ယူကြရပြီး လက်ရှိ ကျပ် ၅၀၀ တန် ထီလက်မှတ်များ ပေါ်ပေါက်ချိန်၌ မြန်မာ့ အောင်ဘာလေ ရုံးနှင့်သာ ချိတ်ဆက်၍ စရန်ငွေတင်ပြီး ယူကြောင်း၊ ရွှေမြန်မာ ထီအရောင်းဆိုင် အောက်တွင် ကိုယ်စားလှယ်အခွဲလေးများ ရှိပြီး ယင်းတို့က စရန်ငွေ တင်ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
မြန်မာ့အောင်ဘာလေ သိန်းဆုဌာနခွဲမှ ဒုဦးစီးမှူး ဦးမင်းမင်းစိုးက “ ထီအုပ်ရေမှာပြီး လာမယူတဲ့ ကိုယ်စား လှယ်တွေကို အရေးယူဖို့ ရှိတယ်။ စာရင်းအတိအကျတော့ ပြောလို့မရသေးဘူး။ လုပ်နေတုန်းပါ’’ ဟု ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သော ၅၀၀ ကျပ်တန် ထီလက်မှတ်များသည် အစိုးရက စမ်းသပ် ထုတ် လုပ်ခြင်း ဖြစ်သောကြောင့် ပေါ်လစီမူဝါဒ တိတိကျကျ မရှိသဖြင့် ထီကိုယ်စားလှယ်များ ထီလက်မှတ်များ ရောင်းချရာတွင် အခက်အခဲများ အနည်းငယ် ရှိခဲ့ကြောင်း ပြည်တွင်း ထီလက်မှတ် အရောင်းဆိုင်များမှ သိရသည်။
အစိုးရ အောင်ဘာလေထီ ဥပဒေမူကြမ်းကို ဆွေးနွေး အတည်ပြုပေးပါရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဝင်းက ဇူလိုင် ၁၄ ရက်နေ့က ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့သည်။
ထီလက်မှတ်ထုပ်များ ထုတ်ဝေခြင်းကို အစိုးရထီရုံးနှင့် ခွင့်ပြုချက် ရရှိထားသည့် လုပ်ငန်းရှင်မှအပ မည်သူမျှ ဆောင်ရွက် ခွင့် မရှိဘဲ တားမြစ်ချက်ကို ကျူးလွန်ပါက အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ၊ ထောင်ဒဏ်အပြင် ကျပ်သိန်း ၅၀ မှ ၁၀၀ အထိ အပြစ်ပေးနိုင်ပြီး ဆက်စပ်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဟု ယင်းဥပဒေကြမ်းတွင် ဖော်ပြထားသည်။
ထို့ပြင် အတုပြုလုပ်ခြင်း၊ အစိုးရထီမဟုတ်ဘဲ အခြားလက်မှတ်များကို ရောင်းချခြင်း၊ သတ်မှတ်ဈေးနှုန်းထက် ပိုရောင်းချ ခြင်းများကိုလည်း ပြစ်မှုအပေါ်မူတည်၍ ထောင်ဒဏ်နှင့် ငွေဒဏ်အဖြစ် ကျပ်သိန်း ၁၀၀ အထိ ပြစ်ဒဏ်များလည်း ပါဝင် သည်။