ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါအကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဧရာဝတီနှင့် DVB သတင်းဌာနတို့မှ သတင်းထောက် သုံးဦးက ၎င်းတို့အား ဖမ်းဆီး တရားစွဲဆိုခြင်းအပေါ် အသီးသီး ဝေဖန် ပြောဆိုလိုက်ကြောင်း သိရသည်။
မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နှင့် တရားစွဲဆို ခံထားရသည့် ဧရာဝတီ သတင်းဌာနမှ ကိုသိန်းဇော် (လဝီဝမ်) နှင့် DVB သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးအေးနိုင်၊ ကိုဘုန်းပြည့်အောင်တို့က သီပေါမြို့နယ် တရားရုံး၌ ဇူလိုင်လ ၁၈ ရက်နေ့ ရုံးထုတ်ချိန်တွင် ယင်းသို့ ပြောဆိုလိုက်ကြောင်း DVB ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။
ဦးအေးနိုင်က “ကျနော်တို့လက်ထဲမှာ အချွန်အတက်ဆိုလို့ ဖောင်တိန်တောင် မပါဘူး။ ဒါပေမယ့် အချိန်မရွေး မိုင်းနင်းမိ နိုင်တယ်။ သေနတ်နဲ့ ချော်ပစ်နိုင်တယ် ဆိုတဲ့ နေရာတွေကို စွန့်စားသွားတယ်ဆိုတာ ရှင်းရှင်းပြောရရင် ကျနော်တို့ ဘဝတွေ၊ အသက်တွေ ပေးပြီးတော့ မီဒီယာလုပ်ငန်းကို လုပ်တာ။ ဒါပေမယ့် စိတ်မကောင်းစရာ ဖြစ်တာက မြန်မာပြည်မှာ တခါမှ မီဒီယာသမားတွေအပေါ်မှာ အရေးယူ ဆောင်ရွက်ခြင်းမရှိတဲ့ ၁၇/၁ နဲ့ တရားစွဲတယ်” ဟု ဆိုသည်။
ဖမ်းဆီးခံ သတင်းထောက် သုံးဦးသည် ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) လှုပ်ရှားမှု နယ်မြေအတွင်း သတင်းသွားယူစဉ် ဇွန်လ ၂၆ ရက်နေ့တွင် လမ်းခရီး၌ တပ်မတော်က ဖမ်းဆီးပြီး သီပေါမြို့နယ်တရားရုံးတွင် မတရားအသင်းနှင့် ဆက်သွယ်မှုပုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
ကိုလဝီဝမ်ကလည်း ၎င်းကို ချုပ်နှောင်ထားသော လက်ထိတ်ကို မြှောက်ပြ၍ “ဒါကြည့် သတင်းထောက်လုပ်လို့ ငါ လက် ထိတ်နဲ့။ ဒါ ဒီမိုကရေစီလို့ ပြောလို့ ရမလား။ ဒီမိုကရေစီလို့ သူတို့ အော်နေတဲ့ဟာ ဒါ တပ်မတော်ရဲ့ ခြိမ်းခြောက်မှု၊ ငါတို့ကို ထောင်ထဲ ထည့်တယ်။ လူတယောက်ရဲ့ ဦးတည်ချက် ပြောင်းသွားအောင်၊ ကြောက်လန့်သွားအောင် ဘဝကို ဆုံးရှုံး သွားအောင် သူတို့ လုပ်နေတာ။ ဒါပေမယ့် ငါတို့မကြောက်ဘူး။ သူတို့ ခြိမ်းခြောက်တိုင်း ငါတို့မကြောက်ဘူး” ဟု ပြော သည်။
၎င်းတို့ သုံးဦး ရုံးထုတ်ရက်ကို မူလက ဇူလိုင် ၂၁ ရက်ဟု သတ်မှတ်ပေးထားသော်လည်း သီပေါမြို့နယ် တရားသူကြီးက ဇူလိုင် ၂၁ ရက်တွင် တောင်ကြီးမြို့၌ ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ပြုလုပ်သည့် သင်တန်းတခုသို့ တက်ရောက်ရန် ရှိ၍ ရက်ရွှေ့လိုက်ရကြောင်း သီပေါမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဝင်းက ဧရာဝတီသို့ ပြောသည်
ထိုသို့ ရက်ပြောင်းကာ ရုံးထုတ်ခဲ့သဖြင့် သတင်းထောက်သုံးဦးအား သွားရောက် တွေ့ဆုံရန် ပြင်ဆင်ထားသည့် ၎င်းတို့၏ သတင်းဌာနများ၊ မိသားစုဝင်များနှင့် ဘဝတူ သတင်းထောက်များ အခက်ကြုံခဲ့ကြရကြောင်း သိရသည်။
ဦးအေးနိုင်က ၎င်းတို့ ထောင်ကျခြင်း၊ မကျခြင်းထက် ယခုကဲ့သို့ ဥပဒေများဖြင့် သတင်းထောက်များကို ဖမ်းဆီး၊ ထောင်ချ ရန် ကြိုးပမ်းနေခြင်းသည် ဒီမိုကရေစီလမ်းကြောင်းကို သွားနေကြောင်း ကမ္ဘာကို ကြွေးကြော်နေသည့် မြန်မာနိုင်ငံ အနေ ဖြင့် ရှက်ဖွယ်ဖြစ်ကြောင်း၊ ထိုဥပဒေများကို လူထုက တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်မှ တဆင့် အမြန်ဆုံး ပြင်ဆင်သင့်ကြောင်း ထောက်ပြ ပြောဆိုသွားသည်။
၎င်းတို့အား နမ့်ဆန်မြို့ အပြန်လမ်းခရီးတွင် ဖမ်းဆီးခံရမှုသည် တကယ်တမ်း ရဲတပ်ဖွဲ့က ဖမ်းဆီးရမည်ဖြစ်သော်လည်း တပ်က ဖမ်းဆီး စစ်ဆေးခြင်းသည် မဖြစ်သင့်ကြောင်း ယခု ဖမ်းဆီး ချုပ်နှောင်မှုတွင် ၎င်းတို့အား ပုဒ်မပေါင်း မည်မျှ ထပ်တိုး၍ တင်းကျပ်လျှင်ပင် စိုးရွံ့နေမည် မဟုတ်ကြောင်း ဦးအေးနိုင်က ပြောသည်။
ဦးအေးနိုင်က “ကျနော်တို့ကို ဒီလိုလုပ်တဲ့အတွက် ကျနော်တို့ရဲ့ မီဒီယာကို ယုံကြည်တဲ့စိတ်ကို လုံးဝ လျော့သွားမှာ မဟုတ် ပါဘူး။ ဆက်ပြီးလုပ်မှာ။ အပြင်မှာရှိနေတဲ့ မီဒီယာမိတ်ဆွေအပေါင်း အစ်ကိုတွေ၊ ညီတွေ၊ ဦးလေးတွေ၊ ဘကြီးတွေ ဆက် လုပ်ကြပါ။ ကျနော်တို့ မလုပ်ရင် ကျနော်တို့ ဆက်ခံရမယ်” ဟု ထောက်ပြ ပြောဆိုသည်။
DVB သတင်းထောက် ကိုဘုန်းပြည့်အောင်ကလည်း “ရှေ့က သတင်းစာ ဆရာကြီးတွေလည်း ပြောပါတယ်။ သတင်းစာ တွေဆိုတာ သမိုင်းကိုဖော်ပြနေတာ။ ဘယ်အစိုးရတက်တက် ကျနော်တို့ သတင်းထောက်က သတင်းထောက် အလုပ်ကို လုပ်သွားမှာပါ” ဟု ပြောဆိုသည်။
၎င်းတို့သုံးဦး၏ ရုံးချိန်းကို သီပေါမြို့နယ် တရားရုံးတွင် ဇူလိုင်လ ၂၈ ရက်နေ့သို့ ထပ်မံ ချိန်းဆိုလိုက်ပြီး သီပေါမြို့နယ် တရားသူကြီးက စစ်ဆေးမည်ဟု သိရသည်။