သတင်း

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ကျိုက်မရောဒေသခံများ ဆန္ဒပြမည်

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ အလိုမရှိကြောင်း ကန့်ကွက်သည့် ဆန္ဒပြပွဲကို လာမည့်ဇူလိုင် ၂၁ ရက်တွင် မော်လမြိုင်မြို့၌ ဒုတိယအကြိမ်အဖြစ် ထပ်မံပြုလုပ်ရန် ဒေသခံများက စီစဉ်နေကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်ရှိ MCL ဘိလပ်မြေစက်ရုံ လည်ပတ်ရန်အတွက် လိုအပ်သည့်လျှပ်စစ်စွမ်းအင်ကို ကျောက်မီးသွေး အသုံးပြု၍ လည်ပတ်နေသည့်အပြင်၊ ထပ်မံ၍ ကျောက်မီးသွေးစက်ရုံများ တည်ဆောက်ရန် အလားအလာရှိနေမှုအပေါ် ကန့်ကွက်ဆန္ဒပြရခြင်းဖြစ်ကြောင်း ကျိုက်မရောမြို့၊ပျားတောင်ဒေသခံတဦးဖြစ်သူ မင်းမရတ်မွန်က ဧရာဝတီကို ပြောသည်။

“အဓိကက MCL ဘိလပ်မြေစက်ရုံကို ဆန္ဒပြတာ။ နောက်တခုက မွန်တပြည်နယ်လုံးမှာ ကျောက်မီးသွေးကင်းစင်တဲ့ နယ်မြေအဖြစ် ကြိုးပမ်းတာလည်းပါတာပေါ့” ဟု မင်းမရတ်မွန်က ဆိုသည်။

ဆန္ဒပြပွဲကို ပျားတောင်ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသူများက ပူးပေါင်းလုပ်ဆောင်ရန် စီစဉ်ထားပြီး၊ သတ်မှတ်ထားသည့်ရက်တွင် နံနက် ၉ နာရီမှ စတင်၍ မော်လမြိုင်မြို့မတံတားရှေ့မှ မောရဝတီပန်းခြံ၊ ပြည်နယ်အစိုးရရုံး၊ ပြည်နယ်လွှတ်တော်တို့ကိုဖြတ်၍ သံလွင်ဥယျာဉ်အထိ ချီတက်လမ်းလျှောက်ရန် စီစဉ်ထားကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်က MCL ဘိလပ်မြေစက်ရုံရှေ့တွင် ပထမအကြိမ် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း မည်သည့်ပြောင်းလဲမှုမျိုးကို မတွေ့ရှိရသဖြင့် ဆက်လက်ဆန္ဒပြ၍ တောင်းဆိုသွားရခြင်းဖြစ်ကြောင်း မင်းမရတ်မွန်က ပြောသည်။

မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာကွန်ရက် (BRN) မှ မိအားချိုင်းက “ MCL ဘိလပ်မြေစက်ရုံအတွက် လျှပ်စစ်လိုအပ်ချက်ကို ကျောက်မီးသွေးကနေ သုံးနေတယ်။ ကျောက်မီးသွေးအစား တခြားလောင်စာသုံးပါလို့ ဒေသခံတွေက တောင်းဆိုပေမယ့် လက်ရှိအချိန်အထိ ကျောက်မီးသွေးနဲ့ လည်ပတ်နေတာကို ဒေသခံတွေက မလိုချင်တာပါ” ဟု ပြောသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပါက ကုန်ကျစရိတ် သက်သာကြောင်း၊ ကျောက်မီးသွေးကိုလက်မခံပါက ဖွံ့ဖြိုးတိုးတက်မှုမရှိကြောင်းနှင့် မည်သည့်နိုင်ငံမှ ကျောက်မီးသွေးမသုံးဘဲ မတိုးတက်ဟု ဇွန်လအတွင်းက မီဒီယာများသို့ ပြောဆိုခဲ့သည်။

MCL ဘိလပ်မြေစက်ရုံ လည်ပတ်ရန် လိုအပ်သည့် လျှပ်စစ်စွမ်းအင်ကို ကျောက်မီးသွေးမှ ၄၀ မဂ္ဂါဝပ်နှင့် စက်ရုံမှ စွန့်ပစ်သည့်လေပူ Waste Heat Generator (WHG) ကတဆင့်် ၉ မဂ္ဂါဝပ် ထုတ်ယူသွားမည်ဟု MCL ၏ ထုတ်ပြန် ချက်အရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading