သတင်း

အခြေခံ ဥပဒေ ဖျက်သိမ်းရေး အစိုးရကို စွဲဆိုမှု ခရိုင် တရားရုံး ပယ်ချ

Want create site? Find Free WordPress Themes and plugins.

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖျက်သိမ်းလိုမှုဖြင့် အစိုးရကို တရားစွဲဆိုရန် ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိ ခရိုင် တရားရုံးတွင် ဇူလိုင်လ ၁၈ ရက်နေ့က ကြိုးစားခဲ့သော်လည်း ယခုအမှုသည် ခရိုင်တရားရုံး အဆင့် တွင် စီရင်ပိုင်ခွင့် မရှိဟု အကြောင်းပြသဖြင့် မအောင်မြင်ခဲ့ကြောင်း ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က ပြောသည်။

“ဒီအမှုက တရားရုံးမှာ စီရင်ပိုင်ခွင့် မရှိဘူးဆိုပြီး ပယ်ပါတယ်။ ခရိုင်တရားသူကြီး ဦးမြတ်ဌေးကျော်က သူလက်မှတ် ရေးထိုးပြီးတော့မှ သူတို့တရားစီရင်ပိုင်ခွင့် နယ်ထဲမှာ မရှိဘူး ဆိုတာနဲ့ ဥပဒေအရ ပယ်ဖျက်တာမျိုးကို သူတို့ လုပ်လို့မရပါဘူးဆိုပြီးတော့ အကြောင်းပြန်ပါတယ်”ဟု ဦးဒေးဗစ်လှမြင့်က မီဒီယာများသို့ ပြောသည်။

၁၉၉၀ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၊ ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ (UNDO)၊ ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမား သမဂ္ဂအဖွဲ့၊ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးဖော်ထုတ်မှု ကော်မတီနှင့် ကရင်အမျိုးသမီး အစည်းအရုံးတို့က သမ္မတအိမ်တော်ရှိသည့် နေပြည်တော် ဒက္ခိဏသီရိခရိုင်တွင် နိုင်ငံတော် အစိုးရကို တရားစွဲဆိုရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၅၇ အရ အခြေခံ ဥပဒေ အာဏာမတည်မီ အစိုးရနှင့် ချုပ်ဆိုခဲ့သော ပဋိညာဉ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရကို တရားစွဲဆိုခွင့် ပြုထားကြောင်း၊ အစိုးရကလည်း နိုင်ငံတော် အမည်ဖြင့် တရားပြန်လည် ဆွဲနိုင်ကြောင်း ဖော်ပြထားသည်ဟု ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ ဥပဒေအကြံပေး ဦးအောင်သူရက ပြောသည်။

“ပြည်သူတွေက နစ်နာနေတယ်ဆိုရင် ဒီဖွဲ့စည်းပုံကို တရားစွဲနိုင်တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုတုန်းက ပဋိညာဉ် အက်ဥပဒေအရ အတင်းအကျပ်လုပ်ရင်၊ မတရားသြဇာ လွှမ်းမိုးရင်၊ လိမ်လည်ရင်၊ လွှဲမှားရင်၊ မှားယွင်းရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပါအဝင် စာချုပ်စာတမ်းတွေ အကုန်လုံးက ဒီလိုမျိုးနဲ့ ပြဌာန်းလိုက်တယ်ဆိုရင် ပျက်ပြယ်တယ်။ ပထမ ၄ ချက်နဲ့ ငြိရင် ပျက်ပြယ်ခွင့် ရှိတယ်။ နောက်ဆုံးတချက်ကတော့ မှားယွင်းရင် ပျက်ကိုပျက်တယ်”ဟု ဦးအောင်သူရက ပြောသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ၂၀၀၈ ခုနှစ်တွင် မဲပေးပိုင်ခွင့်ရှိသူ လူဦးရေ ၅၇ ဒသမ ၇ သန်း အပေါ်တွင် အခြေခံ၍ ပြုလုပ်ခဲ့ပြီး နာဂစ်မုန် တိုင်းကြောင့် သေဆုံး၊ ပြောင်းရွှေ့သွားသူများကို ဖယ်လိုက်သည့်အခါ ၅၇ ဒသမ ၃ သန်း ရှိသည်ဟု ထုတ်ပြန်ခဲ့သော်လည်း ၂၀၁၄ ခုနှစ်၊ သန်းခေါင်းစာရင်းအရ ၂၀၁၅ မေလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာရာ ၅၁ ဒသမ ၄ သန်းပဲ ရှိတော့ကြောင်း သိရသည်။

ဦးအောင်သူရ “လူဦးရေက တိုးလာရမှာကို အဓိပ္ပါယ်မရှိတာက ၂၀၀၈ တုန်းက လူဦးရေအတိုင်းမရှိဘဲ ၆ သန်းလောက် ပိုနေပြီးတော့ မှားယွင်း နေတယ်။ အဲဒီလိုမှားယွင်းရင် ပျက်ပြယ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံက ပြည်သူလူထု ဆန္ဒအမှန်မဟုတ်ဘဲနဲ့ ဆန္ဒခံယူတဲ့ အချိန်ကတည်းကကို တရားမဝင်ဘဲ ပျက်ပြယ်နေပြီ”ဟု သုံးသပ်သည်။

ထို့ကြောင့် ယခုခရိုင်အဆင့် တရားရုံးက လက်မခံသည့်အတွက် ယခု ပြည်ထောင်စု နယ်မြေအတွင်း လက်ခံနိုင်မည့် တရားရုံး တခုခုကို ဆက်လက်တင်ပြနိုင်ရေး ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တိုင်းအဆင့်၊ ပြည်ထောင်စု အဆင့် တရားရုံးများသို့ ဆက်လက် တင်ပြ၍ နောက်ဆုံးတွင် ပြည်ထောင်စု လွှတ်တော်အထိ တင်ပြရန် စီစဉ်နေကြောင်း အစိုးရကို တရားစွဲလိုသူများက ပြောသည်။

လွတ်လပ်သည့် တရားစီရင်ရေးစနစ် ဖြစ်ပါက ယခုဖြစ်စဉ်ကို တရားရုံးက လက်ခံ၍ အစိုးရအား အမှုစွဲတင်ရန် သင့်၊ မသင့်ကို ဥပဒေ နည်းလမ်းအတိုင်း စည်းကမ်းချက်များနှင့်အညီ အများပြည်သူရှေ့တွင် ပွင့်လင်းမြင်သာမှုစွာဖြင့် ကြားနာ စစ်ဆေး သင့်ကြောင်း နေပြည်တော် ပျဉ်းမနားမြို့ခံ တရားလွှတ်တော် ရှေ့နေတဦးက သတင်းမီဒီယာများ ရှေ့တွင် မှတ်ချက်ပြုသည်။

“ဒီလို ပဋိညာဉ် ဥပဒေအရ ဖျက်သိမ်းနိုင်နေပြီ။ ပျက်ပြယ်နေပြီ။ စာချုပ်မှာလည်း ဖျက်သိမ်းကြောင်း မြွက်ဟ ကြေညာစေလိုမှုဖြင့် စွဲဆိုနိုင်တယ်လို့ ပြဌာန်းထားပါတယ်။ ပြည်သူတွေ မလိုလားတဲ့ ဖွဲ့စည်းပုံကို ဥပဒေအရ ဖျက်သိမ်းနိုင်လို့ တရားဝင် စွဲတာပါ။ စတန့်ထွင်တာလည်း မဟုတ်ပါဘူး”ဟု ဦးအောင်သူရက ပြောဆိုခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို စစ်အစိုးရဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေလက်ထက်က လှည်းကူးမြို့နယ် ညောင်နှစ်ပင်ကျေးရွာတွင် အမျိုးသားညီလာခံ ခေါ်ယူကာ စတင် ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ထို့နောက် သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ပြင်ဆင်ရန် လှုပ်ရှားမှုများ ရှိခဲ့သလို ယခု NLD အစိုးရလက်ထက် မတိုင်မီ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလက NLD က ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရန် ကြိုးပမ်းမည်ဟု ပြောဆိုမှုများရှိခဲ့သည်။

ဆက်စပ်ဖတ်ရှုရန်- ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ဖျက်သိမ်းရန် နိုင်ငံတော်ကို တရားစွဲမည်

Did you find apk for android? You can find new Free Android Games and apps.
Loading