မန္တလေးတိုင်းဒေသကြီး သာစည်ခရိုင် မိတ္ထီလာကားလမ်းမ ကျွဲတပ်ဆုံ တိုးဂိတ်အနီးတွင် လွိုင်ကော်မှ မန္တလေးသို့ သွားမည့် ကားပေါ်တွင် သေနတ် ၂၂ လက်ကို တွေ့ရှိခဲ့ရာ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် လင်မယားကို ဖမ်းဆီး စစ်ဆေးနေကြောင်း သာစည်မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ည ၁၀ နာရီခွဲခန့်က လွိုင်ကော်မြို့မှ မန္တလေးဘက်သို့ သွားရန် ဖြတ်သန်းရာ မိတ္ထီလာကားလမ်းမ ကျွဲတပ်ဆုံ တိုးဂိတ်သို့ မောင်းနှင်လာသည့် အမှတ် 2D/ 5608 အနက်ရောင် Crown မော်တော်ယာဉ်အား အသက် ၄၄ နှစ်အရွယ်ရှိ ယာဉ်မောင်း နေစိုးထွေးမင်း (ခ) ကိုစိုင်း က မောင်းနှင်ပြီး ၎င်း၏ ဇနီးဖြစ်သူ အသက် ၄၆ နှစ် အရွယ် မမြဆုနှင်းလည်း လိုက်ပါလာခြင်း ဖြစ်သည်။
ယင်းကားကို ရဲတပ်ဖွဲ့က စစ်ဆေးရာ ယာဉ်ပေါ်တွင် ထိုင်းနိုင်ငံမှ ထုတ်လုပ်ပြီး သေနတ် ကိုယ်ထည်တွင် ထိုင်းစာ အမှတ်အသားများပါဝင်သည့် မောင်းပြန်သေနတ် ၂၀ လက်၊ ကျည်အိမ် ၂၀ ခု၊ ဂျာမနီနိုင်ငံထုတ် ကျည်အိမ်မပါသော AK- 47 သေနတ် ၂ လက်နှင့် ငွေသား ၈ သိန်းကျော်နှင့် ဖုန်း ၃ လုံးကို ဖမ်းဆီးရမိခဲ့ရာ လက်နက်အက်ဥပဒေပုဒ်မ ၁၉ (၁) က အရ အမှုဖွင့်ဖမ်းဆီးထားကြောင်း သာစည်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ကျရဲအရာရှိက ရှင်းပြသည်။
သာစည်မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ကျ ရဲအရာရှိက “သတင်းရလို့ဖမ်းတာမဟုတ်ဘူး။ ကျနော်တို့က မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ရှာဖွေနေတာ။ အဲဒီကားပေါ်မှာ မိတာ။ တဆင့်ပြန်ရောင်းစားမယ့် ပွဲစားတွေလို့ သိရတယ်။ ဆက်စပ်တရားခံ တွေလည်း ရှိတယ်လို့ သိရတော့ စုံစမ်းနေတယ်။ ဆက်စပ် တရားခံ ဘယ်နှစ်ဦး ဖြစ်မယ်ဆိုတာတော့ လောလောဆယ် မသိရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ကွင်းဆက် တရားခံဖြစ်သည့် ကလေးမြို့နယ် တာဟန်းရပ်ကွက်နေ အသက် ၄၅ နှစ်အရွယ် မောရ (ခ) ကျုံးရန်ဆန် ကိုလည်း ဖမ်းဆီးရန် ရှာဖွေနေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇွန်လကလည်း မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်တွင် နေထိုင်သည့် အောင်ကျော်မိုးနှင့် အောင်ဇော်မိုး ညီအစ်ကို ၂ ဦးထံတွင် တရားမဝင် သိမ်းဆည်းထားသည့် အမဲပစ်ရိုင်ဖယ်၊ ပစ္စတိုနှင့် ခြောက်လုံးပြူး သေနတ်အလက်ပေါင်း ၄၀ ကျော်၊ ဆက်သွယ်ရေးစက် ကိရိယာများနှင့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့နှစ်ဦးအား လက်နက်ကိုင်ဆောင်မှု၊ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ ဆက်သွယ်ရေး စက်ကိရိယာ တရားမဝင်ကိုင်ဆောင်မှုနှင့် သာမန်လက်နက်မှု စသည့် ပုဒ်မ ၁၉ (က)၊ ၂၂ (ခ)၊ ၁၉ (ခ)၊ ၁၉ (င) အပါအဝင် ပုဒ် ၅ ခုဖြင့် အမှုဖွင့်စုံစမ်း စစ်ဆေးခဲ့သည်။