ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ရန် ပြင်ဆင်ထားသည့် ရှမ်းနိုင်ငံရေး ပါတီများ၊ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့များ စုပေါင်း ဖွဲ့စည်းထားသော ရှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU) အစည်းအဝေးကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး စစ်သံမှူးက ကန့်ကွက်သဖြင့် ဆွေးနွေးပွဲ အစီ အစဉ် ဖျက်သိမ်းလိုက်ရကြောင်း CSSU အဖွဲ့ဝင်များက ပြောသည်။
CSSU အစည်းအဝေးကို ချင်းမိုင်မြို့တွင် ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ အထိ ပြုလုပ်ရန် ပြင်ဆင်ထားသော်လည်း မြန်မာစစ်သံမှူး၏ ကန့်ကွက်မှုကြောင့် ထိုင်းအစိုးရဘက်က တဆင့် ပြန်အကြောင်းကြားလာပြီးနောက် အစည်းအဝေး အစီအစဉ်ကို ဖျက်သိမ်းလိုက်ရကြောင်း ချင်းမိုင်အခြေစိုက် Pyidaungsu Institute for Peace and Dialogue အဖွဲ့ ဒါရိုက်တာ ဦးခွန်ဆိုင်းကျိုင်ယင်က ပြောသည်။
“စစ်သံမှူးက လုပ်ခွင့်မပေးဖို့ ထိုင်းဘက်ကို အကြောင်းကြားလို့ ဖျက်လိုက်ရတာ။ အကြောင်းပြချက်ကတော့ CSSU က ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ကန့်လန့်ကန့်လန့် လုပ်တယ်ပေါ့၊ နောက် NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ ပါနေတယ်ဆိုတာရယ်ပေါ့” ဟု ဦးခွန်ဆိုင်း ကျိုင်ယင်က ဧရာဝတီသို့ ပြောသည်။
CSSU တွင် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ၊ NCA မထိုးရသေးသော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ Pyidaungsu Institute for Peace and Dialogue နှင့် ရှမ်းလူထုအခြေပြု အဖွဲ့အစည်းများ ပါဝင်သည်။
နောက်ပိုင်း CSSU အစည်းအဝေးများ ပြုလုပ်မည်ဆိုပါက မြန်မာအစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) သို့ အကြောင်းကြားပြီး ထိုင်းအစိုးရထံ ခွင့်တောင်းပြီးမှ ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။
ချင်းမိုင်မြို့တွင် နှစ်ရက်ကြာ ပြုလုပ်ရန် ရည်ရွယ်ထားသော CSSU အစည်းအဝေး၌ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ၌ ဆွေးနွေးတင်ပြရမည့် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ကဏ္ဍ စသည့် ကဏ္ဍ ၅ ရပ်နှင့် ပတ်သက် ၍ လူထုသဘောထား ကောက်ယူနိုင်ရန် ရည်ရွယ်ခဲ့သည်ဟု ဆိုသည်။
လက်ရှိ CSSU ဥက္ကဋ္ဌ အဖြစ် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဗိုလ်ချုပ်ကြီး ယွက်စစ်က တာဝန်ယူထားသည်။
အစည်းအဝေး ဖျက်သိမ်းလိုက်ရမှုနှင့် ပတ်သက်၍ RCSS နှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတို့ကို ဆက်သွယ် မေးမြန်းသော်လည်း မရရှိခဲ့ပေ။
ထိုအစည်းအဝေး ကန့်ကွက်ထားမှုအပေါ် နိုင်ငံတော် သမ္မတရုံးသို့ ဧရာဝတီသတင်းဌာနသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားရန် ငြင်းဆိုခဲ့သည်။
CSSU အဖွဲ့ဝင် အချို့က အစည်းအဝေးကို ပိတ်ပင်လိုသော ရည်ရွယ်ချက်ထဲတွင် အစိုးရက ဗီဇာတင်းကျပ်ထားသော ဥရောပမြန်မာရုံး (Euro-Burma Office – EBO) ၏ အမှုဆောင် ဒါရိုက်တာ ဦးဟန်ညောင်ဝေနှင့် NCA မရေးထိုးရသေးသော SSPP တို့ကို အဓိက ပစ်မှတ်ထားဖွယ်ရှိသည်ဟု ပြောဆိုနေမှုများလည်း ရှိသည်။