သတင်း

YBS ယာဉ်လုပ်သား ၄၀၀ နီးပါး ဆန္ဒဖော်ထုတ်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်များအားလုံးတွင် ယနေ့ ဇူလိုင် ၂၀ ရက်မှ စတင်၍ ယာဉ်နောက်လိုက်များ ထားရှိတော့မည် မဟုတ်ဘဲ ယာဉ်စီးခ ထည့်၍ရသောပုံး (Cash Box) များသာ ထားရှိ၍ ပိုက်ဆံကောက်ခံတော့မည့်အပေါ် ယာဉ်လုပ်သား ၄၀၀ ခန့်က ရွှေပြည်သာမြို့နယ်တွင် ယနေ့ မနက်ပိုင်းက စုပေါင်း ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ ယာဉ်နောက်လိုက်များ မထားတော့ခြင်းနှင့်ပတ်သက်၍ ဇူလိုင် ၁၇ ရက်တွင် စာထုတ်ပြန်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း ဦးဆောင်သူတဦးဖြစ်သူ ယာဉ်မောင်း ဦးကျော်ဇင်ထွန်းက ဧရာဝတီကို ပြောသည်။

“Cash Box ကို မကြိုက်လို့မဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ လူနေမှုဘဝမြင့်တက်လာမှာ ဖြစ်တဲ့အတွက် ဒီစနစ်ကိုကြိုဆိုပါ တယ်။ အဓိကက ယာဉ်လုပ်သားတွေ အလုပ်အကိုင်ပြန်လည်ရရှိရေး အတွက်ပါ။ သူတို့ရဲ့မိသားစု စားဝတ်နေရေး အခက်အခဲ အတွက် နှစ်ယောက်မဟုတ်ရင်တောင် တယောက်ပြန်လည် ထားရှိရေးအတွက်ဆန္ဒဖော်ထုတ်တာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဧရာဝတီ သတင်းဌာနက YRTA သို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း မရခဲ့ပါ။

ဆန္ဒဖော်ထုတ်ပွဲတွင် ယာဉ်လိုင်း ၉ ခုမှ ယာဉ်မောင်း ၇၀ ဦးနှင့် ယာဉ်နောက်လိုက် ၃၀၀ က ရွှေပြည်သာမြို့နယ် အမှတ် ၁၈ ရပ်ကွက်၊ ရွှေအင်းဝဂိတ်ဟောင်းမှ အမှတ် ၂၁ ရပ်ကွက်၊ လိန်ကုန်းကျေးရွာ၊ အမှတ် ၄၀ ကားဝင်းအထိ ချီတက် ဆန္ဒ ဖော်ထုတ်ခဲ့ကြောင်း ယာဉ်မောင်း ကိုအောင်မိုးက ပြောသည်။

“ဒီလိုမျိုး ချက်ချင်းလက်ငင်းကြီးထပြီး ဝုန်းဒိုင်းလုပ်မယ့်အစား စပယ်ယာတွေအားလုံးကို ယဉ်ကျေးလိမ္မာသင်တန်းတွေပေး၊ အဲဒီသင်တန်းကဆင်းလာတဲ့ လက်မှတ်ကလေးတွေနဲ့ ကုမ္ပဏီမှာ လာပြီး ယာဉ်နောက်လိုက်ခွင့်လုပ်။ အဲဒါကိုမှ ကား ပေါ်မှာ ရိုင်းတဲ့စပယ်ယာမျိုး၊ ယာဉ်လုပ်သားမျိုးကိုဆို ရာသက်ပန်ပိတ်လိုက်ပါ။ ကျနော်တို့ အားလုံး လက်ခံတယ်။ အခုဟာက အဲဒီလို မဟုတ်ဘဲနဲ့ မင်းတို့လုံးဝ အလုပ်မလုပ်ရဘူးဆိုတော့ သူ့မိသားစု စားဝတ်နေရေး အခက်အခဲတွေ ဖြစ်တယ်” ၎င်းက ရှင်းပြသည်။

ကားများတွင် ယာဉ်နောက်လိုက် ဆက်လက်ရှိ၊ မရှိကို ဇူလိုင် ၂၀ မှ စတင်ကာ သက်ဆိုင်ရာက YBS ကားများအားလုံးကိုလည်း စစ်ဆေးမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ငွေအကြွေပြဿနာ ပြေလည်စေရန် လက်ရှိ ၃၇ ယာဉ်လိုင်း တွင် အသုံးပြုနေသော ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေနိုင်ရန် ကုမ္ပဏီတချို့နှင့် ညှိနှိုင်းနေကြောင်း YRTA မှ တာဝန်ရှိသူများက ပြောဆိုထားသည်။

ပြည်သူလူထုကလည်း ခရီးသည်များအပေါ် ကောင်းမွန်သည့် ဝန်ဆောင်မှုမပေးခဲ့သော ယာဉ်နောက်လိုက်များ မရှိတော့သည့်အပေါ် ကြိုဆိုသူများရှိသလို တချို့က ယာဉ်နောက်လိုက်များကို ဖြုတ်ပစ်မည် ဆိုပါက ၎င်းတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ဦးစွာ စီစဉ်ပေးသင့်ကြောင်း၊ အလုပ်လက်မဲ့များဖြစ်လာပါက ဒုစရိုက်မှုများ ပိုမိုများပြားလာနိုင်ကြောင်း ပြောဆိုသူများလည်း ရှိကြသည်။

“စပယ်ယာမပါတဲ့စနစ်ဟာ ကောင်းမွန်တယ် ထင်ရပေမယ့် ခရီးသည်တွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ဗိုက်ကြီးသည်တွေ လို တဖက်သားရဲ့ အကူအညီလိုအပ်သူတွေကို ကူညီပေးဖို့ အရည်အသွေးပြည့်ဝတဲ့ စပယ်ယာ/ယာဉ်အကူ တဦးလောက် တော့ စနစ်သစ်မှာ ထားပေးသင့်တယ်လို့ ထင်တယ်။ စည်းကမ်းမလိုက်နာသူတွေကို ထိရောက်တဲ့ အရေးယူမှုကိုပါ စနစ် တကျ အကောင်အထည်ဖော်သင့်တယ်။ ဒါဆိုရင် ရန်ကုန်မြို့ရဲ့ ဘတ်စ်ကားစနစ်သစ်ဟာ ပြည်သူတွေ ကျေနပ်လောက်တဲ့ သယ်ယူပို့ဆောင်ရေး စနစ်တခု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်” ဟု YBS ၁၂ ယာဉ်လိုင်း နေ့စဉ်စီးနေသည့် ခရီးသည် တဦးက ဆိုသည်။

ယနေ့ပြုလုပ်သည့် ဆန္ဒဖော်ထုတ်ပွဲတွင် ယာဉ်လုပ်သားများ အလုပ်အကိုင် ပြန်လည်ရရှိရေး၊ ဆင်းရဲမွဲတွေမှု ပပျောက် အောင် လုပ်ဆောင်ပေးရေး၊ အာဏာရှင်ဆန်သော လုပ်ဆောင်မှု ပပျောက်ရေး၊ အများပိုင်လုပ်ငန်းစစ်စစ် ပီပြင်စွာဖြစ်ပေါ် လာရေး၊ YBS ယာဉ်နောက်လိုက်များ၏ အလုပ်အကိုင် ဆက်လက်တည်မြဲရေးဟူသည့် အချက်များကိုလည်း တောင်းဆိုခဲ့ ကြကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading