သတင်း

လွှတ်တော်အမတ်တဦးကို ပါတီဝင်အဖြစ်မှ မွန်အမျိုးသားပါတီ ရပ်ဆိုင်း

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦးကို ပါတီနှင့် အဆက်အသွယ်မရှိသဖြင့် ဟု ဆိုကာ ပါတီဝင်အဖြစ်မှ ဇူလိုင် ၁၉ ရက်နေ့က စတင်၍ တာဝန်ရပ်ဆိုင်း လိုက်ကြောင်း မွန်အမျိုးသားပါတီ(MNP) အထွေထွေအတွင်းရေးမှူး နိုင်စိုးမြင့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးဖြစ်သူ ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းအား ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အခန်း ၁၀၊ အပိုဒ် ၂၁၊ အပိုဒ်ခွဲ(ဂ) အရ ပါတီဝင်မှ ရပ်စဲကြောင်းကိုလည်း ဇူလိုင် ၁၉ ရက်နေ့ရက်စွဲဖြင့် တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့သည်။

နိုင်စိုးမြင့်က “သူက ပါတီနဲ့ အဆက်အသွယ်မလုပ်တော့တာ တနှစ်လောက်ရှိပြီပေါ့၊ ပါတီရဲ့ လုပ်ငန်းတာဝန် တွေကို လုပ်ဆောင်ခြင်းမရှိတော့လို့ ယူဆပြီး စည်းကမ်းအရ တာဝန်ရပ်ဆိုင်းလိုက်တာပါ”ဟု ပြောသည်။

ပါတီတာဝန်မှရပ်စဲခြင်းခံရသူ ဒေါက်တာမင်းစိုးလင်းက ဇူလိုင် ၁၅ ရက်နေ့ကပြုလုပ်ခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ ပါတီမှထုတ်ပယ်ခဲ့သူများတွင် ၎င်းသာမက ပါတီဝင် ၆ ဦးကို ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ဒေါက်တာမင်းစိုးလင်းက “အခုလိုထုတ်ပယ်တဲ့အထဲမှာ ပါတဲ့သူတွေထဲမှာ မွန်နှစ်ပါတီပေါင်းစည်းရေး လုပ် နေသူတွေပါနေတယ်၊ အဲဒီလိုလုပ်တာကို သဘောမကျလို့ အခုလိုထုတ်ပယ်တာလု့ိ ထင်ပါတယ်၊ ကျနော်ကတော့ မွန်နှစ်ပါတီပေါင်းစည်းရေးကို ဆက်လက်ကြိုးပမ်းသွားမှာပါ”ဟုပြောသည်။

ဒေါက်တာမင်းစိုးလင်းသည် မွန်ပြည်နယ်လွှတ်တော်တွင် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မ တီနှင့် ဥပဒေကြမ်းကော်မတီတို့တွင် အတွင်းရေးမှူးအဖြစ်တာဝန်ယူထားသူဖြစ်ပြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီနှင့် အစိုးရကတိခံဝန်ချက်များနှင့် လုပ်ဆောင်ချက်များ လေ့လာသုံးသပ်ရေးကော်မရှင် တို့တွင်လည်း အဖွဲ့ဝင်အဖြစ် တာဝန်ယူထားကြောင်း သိရသည်။

သူသည် ၁၉၉၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် မွန်အမျိုးသားဒီမိုကရေစီ အဖွဲ့ ကိုယ်စားပြု ယှဉ်ပြိုင်ကာ ရေးမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ဖူးသူလည်းဖြစ်သည်။

MNP ပါတီအနေဖြင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ပါတီမှ နိုင်ရာဇာနှင့် နိုင်ဖေသန်းတို့ ၂ ဦးကို လည်း ပါတီစည်းမျဉ်းများအရ ပါတီမှထုတ်ပယ်ကြောင်းကိုလည်း ကြေညာခဲ့ဖူးသည်။ ၎င်းပါတီသည်၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၅၄ ဦးဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး ပြည်နယ်လွှတ်တော် ၂ ဦးနှင့် အမျိုးသားလွတ်တော် ကိုယ်စားလှယ်တဦး အနိုင်ရရှိခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading