ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန်းနီမြို့နယ်၊ ခမ်းတိမ်းကျေးရွာ အုပ်စုအတွင်း ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)ကဟုဆိုကာ ရွာသူ၊ ရွာသားများကို ကျပ်သိန်း ၇၀၀ ခန့် ပေးရန် ခြိမ်းခြောက်တောင်းသဖြင့် ဒေသခံများ သိန်းနီမြို့ ပေါ်သို့ ထွက်ပြေးလာကြကြောင်း သတင်းရရှိသည်။
ထွက်ပြေးလာကြသည့် လူဦးရေ ၇၃၀ ကျော်သည် ခမ်းတိမ်းကျေးရွာအုပ်စု အတွင်းရှိ ရွာ ၇ ရွာမှဖြစ်ပြီး ဇူလိုင်လ ၁၉ ရက် နေ့လယ်ပိုင်း မှစ၍ တိမ်းရှောင်လာကြခြင်း ဖြစ်သည်ဟု သိန်းနီမြို့နယ်၊ ပြည်နယ်လွှတ်တော်အမတ် ဒေါ်နန်းခင်ထားရီက ဧရာဝတီကို ပြောသည်။
“မနေ့က ၂နာရီခွဲလောက် TNLA က ရွာတွေထဲ ဝင်လာပြီး တရွာကို သိန်း ၁၀၀ တောင်းတာ ရွာသားတွေက မပေးနိုင်ဘူးဆိုတော့ ၃ယောက်ကို ဖမ်းသွားတယ်။ ရွာမှာ ပိုက်ဆံလိုက်ရှာစုပြီး ၂၅သိန်းနဲ့ ည၇နာရီခွဲလောက်မှာ သွားပြန်ရွေးလာခဲ့ကြတယ်။ ငြိမ်းချမ်းရေး မရမချင်း ဒီလိုပဲ ဖြစ်နေမှာ။ TNLA ဆိုတာ ရွာထဲဝင်ပြီး ဆက်ကြေးကောက်တဲ့အထိ လုပ်စရာ မလိုဘူး။ ရွာထဲဝင် လူဖမ်းပြီး ပိုက်ဆံနဲ့ သွားရွေးရတယ်ဆိုတာကတော့ လက်နက်ကိုင်အဖွဲ့ မဟုတ်တော့ဘူး။ ပြန်ပေးဆွဲတဲ့ သဘောဖြစ်နေပြီ” ဟု ၎င်းက သူ၏ အမြင်ကို ပြောသည်။
ယင်းသို့ ငွေကြေးတောင်းခံရပြီးနောက် ရွာသူ၊ ရွာသားများသည် မွန်းလွဲ ၃နာရီဝန်းကျင်မှ စ၍ သိန်းနီမြို့ရှိ မြို့လယ် ဘုန်းကြီးကျောင်းနှင့် ကျောင်းဆိုင် ဘုန်းကြီးကျောင်းတို့ထံသို့ ထွက်ပြေးလာကြသည်ဟု သိရသည်။
သိန်းနီမြို့၊ မြို့လယ်ဘုန်းကြီးကျောင်းမှ ဂေါပက ဦးစိုင်းကွန်က ၎င်းထံသို့ ရွာသူ၊ ရွာသား ၄၀ ကျော် ရောက်လာသဖြင့် ခေတ္တခိုလှုံခွင့် ပေးပြီး ယနေ့နံနက်တွင် ကျောင်းဆိုင်ဘုန်ကြီးကျောင်းသို့ ပြောင်းရွှေ့ပေးလိုက်ကြောင်း ပြောသည်။
“ သူတို့က တိုက်ပွဲဖြစ်လို့ မဟုတ်ဘဲ လက်နက်ကိုင်အဖွဲ့က ပိုက်ဆံတောင်းတော့ မပေးနိုင်ဘူး။ ကြောက်လို့ ပြေးလာကြ တာ။ ကမန်းကတန်းဆိုတော့ ဘာမှလည်း ပါမလာကြဘူး” ဟု ၎င်းက ပြောသည်။
TNLA၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကို ဧရာဝတီက မေးမြန်းရာ ခမ်းတိမ်းကျေးရွာ အုပ်စုအတွင်း ငွေကြေး တောင်းခံကာ ရွာသား ၃ဦးကို ဖမ်းဆီးပြီး ကျပ် ၂၅သိန်းဖြင့် ရွေးခိုင်းသည်မှာ TNLA မဟုတ်ကြောင်း ငြင်းဆိုသည်။
“ကွမ်လုံ ကားလမ်းမ၊ သိန်းနီနဲ့ လားရှိုးအစပ်၊ ကွတ်ခိုင်တဝိုက်မှာ ကျနော်တို့ ရှိတယ်။ သူတို့ပြောတဲ့ နေရာမှာ ကျနော်တို့ တပ်ဖွဲ့ မရှိဘူး။ ကျနော်တို့လူတွေ မလုပ်ဘူး။ တဖွဲ့ဖွဲ့က အယောင်ဆောင်လုပ်ပြီး လူထုကို ခြောက်လှန့်တာလို့ ထင်တယ်။ တကယ်ဆို အဲဒါတာ တကယ်ဖြစ်နေလား၊ မဖြစ်နေလား ဆိုတာတောင် ကျနော်တို့ မသိဘူး” ဟု ၎င်းက ပြောသည်။
TNLA အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ၎င်းတို့ တော်လှန်ရေး လုပ်ဆောင်ရာတွင် တိုက်ပွဲများ ပြင်းထန်နေသဖြင့် ရန်ပုံငွေ အဖြစ် TNLA နယ်မြေအတွင်း အခွန်များ ကောက်ခံကြောင်း၊ အခွန်ကောက်ခံရာတွင် အခက်အခဲမရှိ ထမ်းဆောင်နိုင်သူများကိုသာ ရွေး ချယ် ကောက်ခံပြီး မတတ်နိုင်သူများကို မကောက်ခံကြောင်း ဇူလိုင်လ ၁၁ ရက်က ဧရာဝတီကို ပြောကြားထားသည်။
ခမ်းတီးကျေးရွာအုပ်စု ဒေသခံများမူ ၎င်းတို့ကို ငွေကြေးကောက်ခံပြီး ရွာသား ၃ဦးအား ဖမ်းဆီးကာ ခြိမ်းခြောက်သည်မှာ TNLA ဖြစ်သည်ဟု ပြောဆိုကြသည်။
ထွက်ပြေးလာကြသူများမှာ ပစ္စည်းများ သိမ်းဆည်းချိန်မရဘဲ ကမန်းကတန်းပြေးလာရပြီး အချို့မှာလည်း လယ်ယာ စိုက်ပျိုးနေရင်း ရေစိုအဝတ်များဖြင့် ပြေးလာကြသူများ ရှိကြောင်း သိရသည်။
လက်ရှိတွင် ကျောင်းဆိုင်ဘုန်းကြီးကျောင်း၌ ရွာသူ၊ ရွာသား ၇၃၁ ဦးစလုံး ရောက်ရှိနေပြီး ထိုအထဲတွင် ကျောင်းတက်နေသည့် ကလေး ၁၂၆ ဦးနှင့် သက်ကြီးရွယ်အိုများ ပါဝင်ကာ အသက်အကြီးဆုံး အဘွားမှာ ၉၇ နှစ် ဖြစ်သည်ဟု သိရသည်။ ကျောင်းနေကလေးများကို ပညာရေးဌာနမှ ဆရာ၊ဆရာမများက ယင်းဘုန်းကြီးကျောင်းတွင်ပင် စာသင်ကြားပေးနေသည်ဟု သိရသည်။
ရွာသူ၊ရွာသား အချို့သည် အစောင့်များအဖြစ် ရွာများ၌ ဆက်လက်နေထိုင်နေပြီး လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်နေချိန်ဖြစ်သဖြင့် အခြေအနေတည်ငြိမ်ပါက ရွာပြန် နေထိုင်ကြမည်ဟု ထွက်ပြေးလာသူများက ဆိုသည်။
ဒေါ်နန်းခင်ထားရီက “ပြန်ဖို့တော့ မလွယ်ဘူး ထင်တယ်။ ခုနက တပ်က ရွာထဲကို ဆင်းသွားတယ်။ အဲဒီမှာ အမျိုးသားတွေ အိမ်စောင့် ရွာစောင့် ကျန်နေတာကို တပ်က မနေပါနဲ့။ တိုက်ပွဲဖြစ်ရင် ခံရမှာစိုးလို့ ဆိုပြီး အကုန်မောင်းထုတ်လာတယ်။ ရွာထဲမှာ လူမကျန်သ လောက်ဖြစ်နေပြီ။ အခုလည်း အဲဒီနားမှာ လက်နက်ကြီးသံတွေ ကြားနေရတယ်”ဟု ဆိုသည်။
ကျောင်းဆိုင် ဘုန်းကြီးကျောင်းတွင် လတ်တလော ခိုလှုံနေသူများ၏ စားဝတ်နေရေးကို မြို့နယ်အုပ်ချုပ်ရေး အဖွဲ့က ကူညီပေးနေပြီး အလှူရှင်များကလည်း အစားအသောက်နှင့် ငွေကြေး ကျပ် သိန်း ၃၀ ကျော် လာရောက် လှူဒါန်းထားသည်ဟု သိရသည်။
ခမ်းတိမ်းကျေးရွာအုပ်စုအတွင်းရှိ ရွာ ၇ ရွာမှာ သိန်းနီမြို့နှင့် ၃ မိုင်မှ ၆ မိုင်ထိသာ ကွာဝေးသည်။
သိန်းနီမြို့ရှိ ဒေသခံအချို့ကို ဧရာဝတီက မေးမြန်းရာ တိုက်ပွဲဖြစ်နေကြောင်း၊ သိန်းနီမြို့ပြင်မှ လက်နက်ကြီး ပစ်ခတ်သံများ ကြားရကြောင်း ပြောသည်။
ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကမူ သိန်းနီမြို့နယ်အတွင်း တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်း၊ မန်တုံမြို့နယ်၌သာ ဇူလိုင်လ ၁၉ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြောသည်။