သတင်း

တိုင်းနှင့် ပြည်နယ် ၄ ခုတွင် လူ ၈သောင်းကျော် ရေဘေးသင့်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ နေရာအချို့တွင် မြစ်ရေကြီးမှုကြောင့် လူဦးရေ ၈သောင်းကျော် ရေဘေးသင့်မှုများ ကြုံတွေ့နေရပြီး သေဆုံးသူ ၂ဦး ရှိ ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

မကွေးတိုင်းတွင် မင်းဘူး၊ ပခုက္ကူ၊ ရေစကြို၊ မကွေး ၊ အောင်လံ ၊ ချောက်၊ ဆိပ်ဖြူမြို့နယ် နှင့် ပွင့်ဖြူမြို့နယ် အပါအဝင် စုစုပေါင်း ၁၁ မြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ကလေးဝ၊ မင်းကင်း၊ စစ်ကိုင်း၊ မြင်းမူ၊ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကနီနှင့် မုံရွာမြို့နယ် အပါအဝင် စုစုပေါင်း ၁၂ မြို့နယ် ၊ ပဲခူးတိုင်းတွင် ၃ မြို့နယ်၊ ချင်းပြည်နယ်တွင် ၁ မြို့နယ်၊ စုစုပေါင်း ၂၇ မြို့နယ်များ အတွင်းသို့ မြစ်ရေဝင်ရောက်ခဲ့ကြောင်း ယင်းဝန်ကြီးဌာနမှ သိရသည်။

“ရေဝင်တဲ့ အိမ်ခြေက ၁၃၈၇၄၊ ရေမျောတဲ့ အိမ်ခြေက ၂၈ အိမ်၊ ပြောင်းရွှေ့ရတဲ့ အိမ်ခြေက ၁၄၃၀၇ ရှိပြီး ရေဘေးသင့် အိမ်ထောင်စုက ၁၉၀၁၅၊ ရေဘေးသင့် လူဦးရေက ၈၂၂၅၇ နဲ့ သေဆုံးသူ ၂ ဦး ရှိခဲ့ပါတယ်” ဟု ဦးအာကာကိုကိုက ဧရာဝတီကို ပြောသည်။

လက်ရှိ ပခုက္ကူမြို့နယ်တွင် မြစ်ရေ ပြန်ကျနေသည့် အခြေအနေ ရှိသော်လည်း စိုးရိမ်ရေမှတ်အထက် ရှိနေသေးသဖြင့် ရေဘေးကြောင့် ပြောင်းရွှေ့နေရသော လူဦးရေ ၃၄၄၁၂ ဦးသည် ကယ်ဆယ်ရေး စခန်းများတွင်သာ ရှိနေသေးကြောင်း ပခုက္ကူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က ဧရာဝတီသို့ ပြောသည်။

“ရေဘေးသင့် ပြည်သူတွေကတော့ မြစ်ရေကျသွားလည်း လောလောဆယ် နေစရာမရှိဘူးဆိုတော့ ကယ်ဆယ်ရေးစခန်းနဲ့ စုရပ်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ ရေဝင်လွတ်တဲ့ အိမ်တွေမှာ စုနေနေရသေးတယ်။ ရေကျကျချင်း နုန်းတွေနဲ့ဆိုတော့ ရွာပြန်လို့ မရသေးဘူးပေါ့။ ရွာတွေကရေတွေ ဝင်နေတုန်းပဲရှိသေးတယ်” ဟု ၎င်းက ပြောသည်။

ယခုရက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဧရာဝတီမြစ် ၊ ချင်းတွင်းမြစ် ၊ သံလွင်မြစ် ၊ ငဝန်မြစ်တို့၌ မြစ်ရေကြီးသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့ရှိ မြို့များသို့ မြစ်ရေ ဝင်ရောက်ကာ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်မှုများ ဖြစ်ပေါ်ခဲ့သည်။

ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့တွင် ပေဝက်ခန့်နှင့် သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ပေဝက်ခန့် စိုးရိမ်ရေမှတ် အထက်သို့ အသီးသီး ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အောက်သို့ ပြန်လည် ကျဆင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ထို့ပြင် ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် ၂ ပေခန့်၊ ဇလွန်မြို့တွင် ၁ ပေခွဲခန့် နှင့် ငဝန်မြစ်ရေသည် ငါးသိုင်းချောင်း မြို့တွင် ၂ ပေခန့် ၊ သာပေါင်းမြို့တွင် ပေဝက်ခန့် စိုးရိမ်ရေမှတ် အထက်သို့ အသီးသီး ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ပေဝက်ခန့်စီ ဆက်လက်မြင့်တက်လာနိုင်ကြောင်း သိရသည်။

လက်ရှိ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် စိုးရိမ်ရေမှတ်ထက် ၂ပေခန့် ကျော်လွန်နေပြီး နောက် ၃ ရက်အတွင်း ၁ပေခွဲခန့် ကျဆင်းနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading