ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ( Arakan League for Democracy- ALD ) ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင် နိုင်ငံရေးပါတီသစ် တခုအဖြစ် ဇူလိုင်လ ၁၈ ရက်က မှတ်ပုံတင်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
ALD ပါတီ ဦးဆောင်အဖွဲ့ဝင် ဦးမျိုးကျော်က “ပါတီမှတ်ပုံတင်ခွင့်ရပြီဖြစ်လို့ ပါတီဝင်ဦးရေ ၁,၀၀၀ ကို ကော်မရှင်ထံတင်ပြဖို့ ပြင်ဆင်နေပါပြီ။ အဲဒါပြီးရင် ရှေ့လုပ်ငန်းစဉ်တွေကို ဆက်တိုက်လုပ်ဆောင်တော့မှာပါ ” ဟု ဧရာဝတီကို ပြောသည်။
နိုင်ငံရေးပါတီတခုသည် မှတ်ပုံတင်ခွင့်ရပြီးပါက ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အင်အား အနည်းဆုံး ၁,၀၀၀ တင်ပြရမည်ဟု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေတွင် ဖော်ပြပါရှိသည်။
ALD ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် အဖွဲ့ဝင် ၅ ဦး ပါဝင်သည့် ဦးဆောင်ကော်မတီတခုကို ဖွဲ့စည်းထားကြောင်းနှင့် ထိုအဖွဲ့တွင် ခေါင်းဆောင်အဖြစ် ဦးကျော်မြင့်က ဦးဆောင်ပြီး၊ ဦးအောင်စိုး၊ ဦးဦးလှမြင့်၊ ဦးသာသာမောင်၊ ဦးမျိုးကျော်တို့ပါဝင်ကြောင်း သိရသည်။
ALD ပါတီ၏ ဌာနချုပ်ကို ကျောက်တော်မြို့၌ထားရှိ၍ တောင်ကုတ်နှင့် ရန်ကုန်တို့တွင် ရုံးခွဲများထားရှိမည့်အပြင် ALD ပါတီကို ထောက်ခံမှုအားကောင်းသည့် မြို့နယ်တိုင်း၌ ရုံးခွဲများ ဖွင့်လှစ်သွားမည်ဟု ဦးမျိုးကျော်က ဆက်ပြောသည်။
“ALD ကို ထောက်ခံမှုအများဆုံးက ကျောက်တော်မြို့ပါ၊ ALD ပါတီအနေနဲ့ ရခိုင်ပြည်သူတွေကို စည်းရုံးတဲ့အခါလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ပြောင်းလဲနိုင်ဖို့အတွက် အဓိကထားဟောပြောစည်းရုံးသွားမှာပါ” ဟု ၎င်းက ဆိုသည်။
ALD ပါတီ လက်ရှိသုံးစွဲမည့် ပါတီအမှတ်တံဆိပ်သည် ရခိုင်အမျိုးသားပါတီ (ANP ) ၏ အမှတ်တံဆိပ်နှင့် ဆင်တူနေသည်ဟု ANP ပါတီက ကန့်ကွက်ထားသော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အသုံးပြုခွင့် ပေးလိုက်ပြီဖြစ်သည်။
ထို့သို့ ကန့်ကွက်မှုနှင့် ပတ်သက်ပြီး ANP ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ALD ပါတီ အမှတ်တံဆိပ်ကို ကန့်ကွက်ရခြင်းသည် ပါတီနှစ်ခု၏ အမှတ်တံဆိပ်များ ဆင်တူယိုးမှား ဖြစ်နေခြင်းကြောင့် ရွေးကောက်ပွဲကာလတွင် ရခိုင်ပြည်သူများအကြား ထင်ယောင်ထင်မှား ဖြစ်လာမည်ကို စိုးရိမ်၍ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။
ANP ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ALD နှင့် ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP ) တို့ကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပူးပေါင်းခဲ့သည့် ပါတီဖြစ်သည်။
ထိုသို့ပူးပေါင်းခဲ့ကြသော်လည်း ပါတီထိပ်ပိုင်းခေါင်းဆောင်များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်၊ ယ ခင် ALD ပါတီ ခေါင်းဆောင်ဟောင်းများကို ပါတီ၏စည်းကမ်းများကို မလိုက်နာဟုဆိုကာ ၂၀၁၆ ခုနှစ် အတွင်းက ထုတ် ပယ်ခဲ့သည်။
ALD ပါတီကို ဦးဆောင်မည့်သူများသည် ANP ပါတီမှ ထုတ်ခံခဲ့ရသူများ ဖြစ်သည်။ ALD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲ၌ မြန်မာတနိုင်ငံလုံးတွင် တတိယအများဆုံး အနိုင်ရထားသည့် ပါတီဖြစ်ပြီး၊ ရခိုင်ပြည်နယ်တွင် အများဆုံးအနိုင်ရခဲ့သည်။
ALD ပါတီ၏ လက်ရှိမူဝါဒသည် တိုင်းရင်းသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ ရခိုင်အမျိုးသား အကျိုးစီးပွား ဖြစ်ထွန်းရေး၊ ရခိုင်ပြည်နယ်နှင့် ရခိုင်လူထု အကျိုးစီးပွားကို ရခိုင်လူမျိုးများက ဦးဆောင်ခွင့်ရရေးစသည့် အချက်များ ပါဝင်ကြောင်း ALD ပါတီက ဆိုသည်။
ALD နှင့် RNDP ပါတီတို့ကို ပေါင်းစည်းထားသည့် ANP ( Arakan National Party- ANP ) ပါတီကို၂၀၁၄ ခုနှစ်၊ မတ်လ ၆ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင်မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။