ရှမ်းပြည်နယ် သီပေါမြို့နယ်တွင် ငွေရည်ပုလဲ ကုမ္ပဏီက လုပ်ကိုင်နေသော ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်းများ သည် လယ်ယာမြေများကို အဆိပ်သင့်ပျက်စီးစေပြီး ဒေသခံ ၃၀၀၀ ကျော်၏ လူမှုဘဝများကို ဆိုးဆိုးရွားရွား ထိခိုက်စေသည် ဟု ကျောက်မီးသွေးမိုင်းကြောင့် ထိခိုက်ရသော ဒေသခံ လယ်သမားများကို ကိုယ်စားပြုသည့် အဖွဲ့တခုက မကြာသေးမီက ထုတ်ပြန်သည့် အစီရင်ခံစာ တစောင်အရ သိရသည်။
ယင်း ကုမ္ပဏီသည် ၂၀၀၄ ခုနှစ်မှ စတင်ပြီး နမ့်မကျေးရွာ အုပ်စုတွင် ကျောက်မီးသွေး တူးဖော်နေခြင်း ဖြစ်ပြီး လုပ်ငန်းများ ရပ်တန့်ရန် ဒေသခံများ၏ တောင်းဆိုမှုများကို ယခုတိုင် လျစ်လျူရှုနေဆဲ ဖြစ်ကာ မကြာသေးမီ နှစ်များ အတွင်း လုပ်ငန်းများ ကိုပင် သိသိသာသာ တိုးချဲ့ခဲ့သည်။
လွန်ခဲ့သော ဇွန်လ ၂၃ ရက်နေ့က ကျေးရွာသား ၆၀၀ ခန့်သည် ဟိုနပ သစ်တော ဧရိယာအတွင်း ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်သော အခါ ဒေသခံ အသိုင်းအဝန်း၏ ပြင်းထန်သော ဆန့်ကျင်မှုသည် ထင်ရှားလာသည်။ ထို ဆုတောင်းပွဲတွင် ပါဝင်သူများက ကျောက်မီးသွေး တူးဖော်ခြင်း ရပ်တန့်ရန် တောင်းဆိုခဲ့သည်။
ငွေရည်ပုလဲ ကုမ္ပဏီသည် လက်ရှိအချိန်တွင် နမ့်မဒေသ နေရာ ၂ ခု ၌ မြေအောက်လိုဏ်ခေါင်းများ၊ တွင်းကြီးများ အသုံးပြု ပြီး တူးဖော်နေသည်။ ပိုင်ဆန်း ကျေးရွာတွင် တူးဖော်နေသော ယင်း ကုမ္ပဏီ၏ တတိယမြောက် ကျောက်မီးသွေးမိုင်းကို ၂၀၁၅ ခုနှစ်က ရပ်နားခဲ့ပြီး ယခုအခါရေများဝင်နေသည်။
လယ်သမားများသည် မကြားသေးမီ ရက်သတ္ထပတ်များ အတွင်း ကျောက်မီးသွေးမိုင်းနှင့် နီးကပ်သော မြေနေရာများတွင် အက်ကွဲကြောင်းကြီး များနှင့် မြေကြွံတွင်းများ ဖြစ်ပေါ်လာသည်ကို သတိပြုမိလာသည်ဟု နမ်မ ရှမ်းလယ်သမားများ အုပ်စု၏ အစီရင်ခံစာနှင့် အတူ ထုတ်ပြန်သည့် သတင်းကြေညာချက် အရ သိရသည်။
ကျောက်မီးသွေး တူးဖော်သည့် လုပ်ငန်း စတင်ချိန်မှ စပြီး ထိုဒေသ၏ ရေ အရည်အသွေးလည်း ကျဆင်းလာသည်ဟု ယင်း အစီရင်ခံစာက ဆိုသည်။
ကျောက်မီးသွေးမိုင်းမှ ရေဆိုးများကို ရွာသားများ စိုက်ပျိုးရေး အတွက် အသုံးပြုနေသည့် နမ့်မ ချောင်းအတွင်း စွန့်ပစ် နေသောကြောင့် ချောင်းရေသည် အနက်ရောင် ဖြစ်နေသည်။ စွန့်ပစ်ထားသော ပိုင်ဆိုင်းမိုင်းတွင်း အနီး ဒေသခံ လယ်သမားများကို ရေပေးရန် အတွက် ပြုလုပ်ထားသော ရေပေးစနစ်မှာလည်း ထုတ်ယူသော ရေသည် ညစ်ညမ်းပြီး အင်ဂျင်ဝိုင်နံ့ ထွက်နေသောကြောင့် ပြဿနာ ရှိသည် ဟု ဆိုသည်။ ပိုင်ဆိုင်းမှ ညစ်ညမ်းသော ရေကို အသုံးပြုနေသော လယ်သမားများ သီးနှံထွက်နှုန်းမှာ ၃ ပုံ ၁ ပုံကျဆင်းသွားသည် ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
လွန်ခဲ့သော လကမူ ပြဿနာသစ် တခု ထပ်မံပေါ်ပေါက်လာပြန်သည်။ ဝတ်ပြုဆုတောင်းပွဲ ကျင်းပပြီး တရက် အကြာတွင် နကွန်းရှိ ကျေက်မီးသွေးတူးဖော်ရေး လိုဏ်ခေါင်းတခုမှ မီးခိုးလုံးကြီးများ စတင်ထွက်ပေါ်လာခြင်း ဖြစ်သည်။ အစီရင်ခံစာ နှင့် အတူ ထုတ်ပြန်သော ဓာတ်ပုံများ အရ ထို လှိုဏ်ခေါင်းအတွင်း မြေအောက် ကျောက်မီးသွေး မီးလောင်ခြင်းကြောင့် ဟု ယူဆ ရသည်။ ကျောက်မီးသွေး တူးဖော်ခြင်းကြောင့် ထိုသို့ မီးလောင်ကျွမ်းမှု ဖြစ်လေ့ရှိသော်လည်း ထိုမီးသည် လပေါင်း များစွာ သို့မဟုတ် နှစ်ပေါင်းများစွာ ကြာနိုင်သည်။ အချို့မီးလောင်မှုများတွင် ကျောက်မီးသွေး တူးဖော်မှု လုပ်ငန်း ရပ်စဲသွားပြီး ဆယ်စုနှစ် များစွာကြာအောင် မီးခိုးများ ထုတ်လွှတ်နေတတ်သည်။
ငွေရည်ပုလဲ ကုမ္ပဏီသည် နမ့်မဒေသတွင် နိုင်ငံပိုင် အမှတ် ၃ သတ္တုတူးဖော်ရေး လုပ်ငန်းနှင့် ဖက်စပ် အဖြစ် ၂၀၁၀ ခုနှစ် သြဂုတ်လမှ စတင်ပြီး ဆယ်နှစ်တာ ကျောက်မီးသွေး တူးဖော်ခွင့် ရရှိထားသည်ဟု ၃၆ မျက်နှာရှိ အစီရင်ခံစာက ဆိုသည်။ ထိုလုပ်ငန်းတွင် ငွေရည်ပုလဲကုမ္ပဏီက ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး အထက်ပါ နိုင်ငံပိုင် အဖွဲ့အစည်းက ကျန် ၃၀ ရာခိုင်နှုန်း ပိုင်သည်။ ခွင့်ပြုထားသော မြေ အကျယ်အဝန်းမှာ ၁၁ ဒသမ ၃ စတုရန်းကီလိုမီတာ ရှိသော်လည်း ယင်း အစီရင်ခံစာ၏ အဆိုအရ မိုင်းလုပ်ငန်း ၂ ခုသည် ခွင့်ပြုထားသော နေရာ၏ ပြင်ပတွင် ဖြစ်ပုံရသည်။
ကြံစိုက်ခင်းနှင့် သကြားချက် လုပ်ငန်းများလည်း လုပ်ကိုင်သော ငွေရည်ပုလဲ ကုမ္ပဏီသည် အတင်းအကျပ် အလုပ်စေခိုင်းမှု စွပ်စွဲချက်များကြောင့်လည်း ဝေဖန်ခံနေရသည်။ ယမန်နှစ်က Myanmar Now သတင်းဌာန၏ ဖော်ပြသည့် သတင်း အရ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်ရှိ ဧက ၈၀၀ ကြံစိုက်ခင်းတွင် ငွေရည်ပုလဲ ကုမ္ပဏီနှင့် ထောင်အာဏာပိုင်များ ဖက်စပ် လုပ်ငန်း အဖြစ် အခကြေးငွေ မပေးဘဲ အကျဉ်းသားများ၏ လုပ်အားကို အသုံးပြုခဲ့သည် ဟု ဆိုသည်။
အထက်ပါ လုပ်ငန်း၏ ကျောက်မီးသွေး တူးဖော်လုပ်ငန်းသည်လည်း ၎င်း၏ ကြံလုပ်ငန်းကဲ့သို့ပင် အငြင်းပွားဖွယ် ဖြစ်နေသည်။ ယမန်နှစ် မေလက နမ့်မဒေသတွင် ကြီးမားသော တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်က ထိုဒေသရှိ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မောင်းထုတ်ရန် လုပ်ဆောင်ခဲ့သည်။ ထိုတိုက်ပွဲများသည် ငွေရည်ပုလဲ ကုမ္ပဏီ၏ လုပ်ငန်းများ ချဲ့ထွင်ရန်နှင့် ဒေသတွင်းမှ SSPP များကို ရှင်းထုတ်ရန် ရည်ရွယ်ချက်များနှင့် ဆက်စပ်နေသည် ဟု ရှမ်း လူ့အခွင့်အရေး ဖောင်ဒေးရှင်း (SHRF) က ပြောသည်။
“ထို့ကြောင့် ထိုထိုးစစ်၏ အဓိက ရည်ရွယ်ချက်မှာ ကျောက်မီးသွေး တူးဖော်ခြင်း လုပ်ငန်းများကို ကာကွယ်ရန် ဖြစ်ကြောင်းမှာ သံသယရှိရန် မလိုပေ။ ယခုအခါ မြန်မာ့တပ်မတော်နှင့် ၎င်းတို့၏ ပြည်သူ့စစ်များသည် သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းများ အပါအဝင် ကျောက်မီးသွေးတွင်းများ၏ ပတ်ဝန်းကျင် ဒေသများကို ထိန်းချုပ်နိုင်ခဲ့သည်” ဟု SHRF က ယမန်နှစ် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
SHRF ၏ အဆိုအရ အထက်ပါ တိုက်ပွဲကြောင့် ဒေသမှ ကျေးရွာသား ၁၀၀၀ ကျော်လည်း ထွက်ပြေးခဲ့ရသည်။ မြန်မာ့ တပ်မတော်၏ တိုက်ခိုက်မှုကြောင့် တိုက်ပွဲအတွင်း အရပ်သား နှစ်ဦး သေဆုံးကြရပြီး တဦးမှာ ဆိုင်ကယ်မောင်းနှင် လာစဉ် သေနတ်ဖြင့် အပစ်ခံရပြီးနောက် ရိုက်နှက်သတ်ဖြတ်ခံရခြင်း ဖြစ်သည်ဟု SHRF က စွပ်စွဲသည်။ စစ်ဆင်ရေးများ အတွင်း အခြားသော ရွာသားများသည်လည်း အငြင်းပွားဖွယ်ရာ ဖမ်းဆီးမှု၊ အခွင့်အရေး ချိုးဖေက်ခံရမှုများကို ကြုံတွေ့ခဲ့ရသည် ဟု လည်း SHRF က စွပ်စွဲသည်။
လွန်ခဲ့သော နှစ်က တိုက်ပွဲ အပြီးတွင် အမှတ် ၃၂၅ ခြေလျင်တပ်ရင်းသည် ယခင် SSPP ထိန်းချုပ်ထားသည့် ခိုနမ်ဖတွင် အခြေစိုက်စခန်း တခု တည်ဆောက်ခဲ့သည်။ SHRF ၏ အဆိုအရ မြန်မာ စစ်သား ၁၀၀ ခန့်နှင့် ၎င်းတို့၏ မဟာမိတ် ဝမ်ပန် ပြည်သူ့စစ်အဖွဲ့တို့သည် ထိုဒေသ အများစုတွင် ကင်းလှည့်နေကြသည် ဟု ဆိုသည်။ ဝမ်ပန် ပြည်သူ့စစ်အဖွဲ့သည် ဘိန်းစစ်ဘုရင် ခွန်ဆာ၏ မောင်းတိုင်းတပ်မတော် (MTA) မှ ပေါ်ပေါက်လာသော အဖွဲ့ ဖြစ်သည်။
၁၉၈၉ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သော SSPP သည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခြင်း မရှိသေးဘဲ မကြာသေးမီ နှစ်များ အတွင်း မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကို အကြိမ်ကြိမ် ခံနေရသည်။ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ဟုလည်း သိထားကြသော ထိုအုပ်စုသည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ အဖွဲ့ဝင် ဖြစ်ပြီး မြောက်ပိုင်း မဟာမိတ် အဖွဲ့နှင့်လည်း နီးစပ်သည်။
ယခုနှစ် အစောပိုင်းက နမ့်မ ကျေးရွာအုပ်စု အတွင်းရေးမှူး လန်ဂျန်ဖေသည် သူ၏ နေအိမ်အနီးတွင် ပစ်သတ်ခံရသည်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော ထိုသတ်ဖြတ်မှု၏ တရားခံကို မဖော်ထုတ်နိုင်သေးပေ။ ထိုလုပ်ရပ်သည် ဒေသခံများကို အကြောက်တရား သွတ်သွင်းခြင်း ဖြစ်သည်ဟု SHRF က ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Seamus Martov ၏ Coal Mining in Hsipaw Township Poisoning Farmland ကို ဘာသာပြန်သည်။)