မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်သော စိုးရိမ်မကင်းမှုများ ဖြစ်ပေါ်နေချိန်တွင် အာဆီယံ နိုင်ငံရေးသမားများက သတင်းသမားများကို ပြန်လွှတ်ပေးပြီး ဖိနှိပ်သော ဥပဒေများကို ပယ်ဖျက်ရန် မြန်မာနိုင်ငံကို တောင်းဆို လိုက်သည်။
မြန်မာ အာဏာပိုင်များသည် လွန်ခဲ့သောလက ရှမ်းပြည်နယ်တွင် ဖမ်းဆီးခဲ့သော သတင်းသမားများအား ချက်ချင်း ပြန်လွှတ်ပေးပြီး ၎င်းတို့အား စွဲဆိုထားသော စွဲချက်များကို ပယ်ဖျက်ကာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ချုပ်ကိုင်ထားသော ဥပဒေများကို ပယ်ဖျက် သို့မဟုတ် ပြင်ဆင်ခြင်းများ ပြုလုပ်သင့်သည် ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များ (APHR) က ဇူလိုင် ၁၉ ရက်နေ့တွင် ပြောကြားလိုက်သည်။
မူလက စီစဉ်ထားသည့် တရားရုံးကြားနာမှုကို ပယ်ဖျက်ကာ အထက်ပါ သတင်းသမား ၃ ဦးကို ရုတ်တရက် တရားရုံး ထုတ်ခဲ့ပြီး တရက်အကြာတွင် ဒေသဆိုင်ရာ ပါလီမန် အမတ်များ အဖွဲ့က ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ထို သတင်းသမားများကို ကိုလိုနီခေတ် မတရားအသင်း ဆက်သွယ်မှု ဥပဒေဖြင့် တရားစွဲဆိုထားသည်။ ထို ဥပဒေသာမက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကဲ့သို့ ဖိနှိပ်သော ဥပဒေများဖြင့် မီဒီယာသမားများနှင့် အခြားသူများကို ထောင်သွင်း အကျဉ်းချထားရန် ဆက်လက် အသုံးပြုခြင်းသည် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေပြီး တရားဥပဒေ စနစ်ပြုပြင်ပြောင်းလဲရေး အလျင်အမြန် လုပ်ဆောင်ရန် လိုအပ်နေသည်ကို မီးမောင်း ထိုးပြနေသည်။
“၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေခြင်းကို မခိုင်လုံသော အကြောင်းပြချက်ဖြင့် ပစ်မှတ်ထား ဖမ်းဆီးခြင်း ခံခဲ့ရသော၊ ဘဝကို ပေးဆပ်လုပ်ကိုင်နေသော သတင်းသမားများကို မြန်မာ အာဏာပိုင်များက ချက်ချင်း လွှတ်ပေးပြီး ၎င်းတို့ကို စွဲဆို ထားသော စွဲချက်များကို ပယ်ဖျက်ရမည်” ဟု မလေးရှားနိုင်ငံမှ ပါလီမန်အမတ် နှင့် APHR ၏ ဥက္ကဋ္ဌ Charles Santiago က ပြောသည်။
“၎င်းတို့၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကျင့်သုံးနေသော သတင်းသမားများနှင့် အခြားသူများကို ဖမ်းဆီးရန် အသုံးပြုနေသော ဥပဒေများ အားလုံးကို ဖျက်သိမ်းရန် သို့မဟုတ် ပြင်ဆင်ရန် အလျင်အမြန် အရေးယူဆောင်ရွက်မှု လိုအပ်နေကြောင်းကို ယခု အမှုတွင် တည်ဆဲဥပဒေများကို အလွဲသုံးစား ပြုခြင်းက ပြသနေ သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ အနေဖြင့် တရားဥပဒေ စိုးမိုးမှု မြှင့်တင်ရေးကို အမှန်တကယ် အလေးအနက်ထားပါက စာအုပ်များတွင် ဖော်ပြထားသော ဥပဒေများသည် တရားမျှတမှု ရှိရမည် ဖြစ်ပြီး၊ အစိုးရ သို့မဟုတ် စစ်ဘက်ကို ဝေဖန်သူများအား ဒဏ်ခတ်ရန် အငြင်းပွားဖွယ်ရာ အသုံးမချနိုင်စေအောင် လုပ်ဆောင်ရမည်” ဟုလည်း ၎င်းက ပြောသည်။
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲမှ အပြန် ဧရာဝတီ သတင်းဌာနမှ ကိုလဝီဝမ်၊ ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းဌာနမှ ကိုအေးနိုင်နှင့် ကိုဘုန်းပြည့်အောင် စသည့် သတင်းသမား ၃ ဦးကို မြန်မာ့တပ်မတော်က ဇွန်လ ၂၆ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ ထို့နောက် ၎င်းတို့ကို ၁၉၀၈ ခုနှစ် မတရားအသင်း အက် ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုခဲ့ပြီး ထိုဥပဒေဖြင့် စီရင်ခံရပါက ထောင်ဒဏ် ၃ နှစ် အထိ ကျခံရနိုင်သည်။ ထိုဥပဒေသည် လူမျိုးစု လက်နက်ကိုင်အုပ်စုများ အပါအဝင် တရားမဝင်သော အသင်းအဖွဲ့များနှင့် ပါဝင် ပတ်သက်ခြင်း၊ ကူညီခြင်း တို့ကို ရာဇဝတ်မှု အဖြစ် သတ်မှတ်ထားသည်။ ယခု အမှုတွင် ပါလီမန် အမတ်များက ဥပဒေများကို အသုံးမပြုရန် တိုက်တွန်းထားသည်။ အထက်ပါ သတင်းသမား ၃ ဦးအတွက် နောက်တကြိမ် ရုံးချိန်း ဖြစ်သော ဇူလိုင်လ ၂၁ ရက်နေ့ကိုလည်း ယခုအခါ ဇူလိုင်လ ၂၈ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ပြီဖြစ်သည်။
“သတင်းရင်းမြစ်များ အားလုံးနှင့် ပြောဆိုဆက်ဆံခြင်းသည် သတင်းသမား၏ အလုပ်ဖြစ်သည်။ ပဋိပက္ခဒေသများမှ ဖြစ်ပေါ် တိုးတက်မှုများကို သတင်းရယူခြင်းသည်ပင် အန္တရာယ်များသော လုပ်ငန်းဖြစ်သည်။ သတင်းသမားများ၏ စိုးရိမ် ပူပန်စရာများ စာရင်းတွင် ၎င်းတို့ကို လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ဖျက်သိမ်ပြီး ဖြစ်သင့်သော၊ သတင်းသမားများ အတွက် ရည်ရွယ်ပြဋ္ဌာန်းထားခြင်းမဟုတ်သော နှစ်ပေါင်း တရာကျော် သက်တမ်းရှိ ဥပဒေဖြင့် တပ်မတော်က ထောင်သွင်း အကျဉ်းချနိုင်သည် ဟူသော အချက်ကို ထပ်မံ မဖြည့်စွက်သင့်ကြောင်း” လည်း Charles Santiago က ပြောသည်။
၂၀၁၅ ခုနှစ် နိုင်ဝင်ဘာလ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပြတ်အသတ် အနိုင်ရကာ အာဏာ ရလာပြီး နောက် ၁ နှစ်ခွဲ မပြည့်မီ ကာလအတွင်းမှာပင် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် အခြေအနေမှာ ပိုမို စိုးရိမ်စရာ ဖြစ်နေစဉ် အထက်ပါ သတင်းသမားများကို ဖမ်းဆီးမှု ပေါ်ပေါက်လာခဲ့သည်။ မြန်မာနိုင်ငံ၏ အခြားသော ဥပဒေတတခု ဖြစ်သော ၂၀၁၃ ခုနှစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကိုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ ခေတ်မှာပင် လူဒါဇင်ပေါင်း များစွာကို ဖမ်းဆီးရန် အသုံးချခဲ့သည်။ ထို ဥပဒေကို စတင် ပြဋ္ဌာန်းချိန်မှ စတင်ပြီး သတင်းသမား ဒါဇင်ပေါင်းများစွာနှင့် ဖေ့စ်ဘုတ်တွင် ရေးသားသူ အများအပြား အပါအဝင် လူ အနည်းဆုံး ၇၁ ဦးကို အင်တာနက်တွင် အသရေဖျက်မှုဖြင့် စွဲဆိုခဲ့ပြီး ဖြစ်သည်။
ဇွန်လ ၂၉ ရက်နေ့တွင် APHR သည် ပြည်တွင်းပြည်ပ လူ့အခွင့်အရေး အဖွဲ့အစည်း ၆၀ နှင့် လက်တွဲပြီး ပုဒ်မ ၆၆ (ဃ) ကို ဖျက်သိမ်းရန် တောင်းဆိုခဲ့သည်။ သီတင်း ၁ ပတ် အကြာတွင် အစိုးရသည် ထိုဥပဒေကို ပြင်ဆင်ရန် စဉ်းစားနေကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့သည်။ အဆိုပြုထားသည့် ပြင်ဆင်ချက်များတွင် စွဲဆိုခံရ သူများကို အာမခံပေးရေး၊ တရားစွဲတိုင်ကြားရန် ကြားလူအား ခွင့်ပြုခြင်းကို ပယ်ဖျက်ခြင်း တို့ပါဝင်သော်လည်း ပြည်သူလူထုသို့ ချပြသသော ပြင်ဆင်ချက် မူကြမ်းသည် ပုဒ်မ ၆၆ (ဃ) ကို လုံးလုံးလျားလျား ဖျက်သိမ်းခြင်း မရှိပေ။ APHR က မြန်မာနိုင်ငံတွင် အသရေဖျက်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်းကို အဆုံးသတ်ရန်နှင့် ထိုဥပဒေကို အပြည့်အ၀ ဖျက်သိမ်းရေးကိုလည်း ထပ်မံတောင်းဆိုသည်။
“ထိုဥပဒေသည် လွန်စွာကျယ်ပြန့်လွန်းပြီး လိုသလို အလွဲသုံးနိုင်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသည် ထိုဥပဒေကို ပြင်ဆင်ရန် စဉ်းစားနေသည် ဟု သိရသောကြောင့် မိမိတို့ ဝမ်းမြောက်မိပြီး ပုဒ်မ ၆၆ (ဃ) ကို အပြည့်အ၀ ဖျက်သိမ်းရန် တောင်းဆိုလိုက်သည်။ ၎င်းကို ဆက်လက် အသုံးပြုခြင်းသည် အစိုးရအပေါ် ဝေဖန်မှုများအား အင်အားချည့်နဲ့ သွားအောင် ကြိုးပမ်းခြင်း ဖြစ်သည်မှာ ထင်ရှားသည်” ဟုလည်း အင်ဒိုနီးရှားမှ ပါလီမန် အမတ် နှင့် APHR ဒုဥက္ကဋ္ဌ Eva Kusuma Sundari ကပြောသည်။
အခြေခံလွတ်လပ်ခွင့်ကို ချိုးဖောက်သော ဥပဒေများ အားလုံး ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်ရေးကို ဦးစားပေးရန်နှင့် မီဒီယာများကို လုပ်ပိုင်ခွင့် ပေးနိုင်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးရန် မြန်မာလွှတ်တော်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရကို အထက်ပါ ပါလီမန်အမတ်များက တောင်းဆိုခဲ့ကြသည်။ သတင်းလုပ်ငန်းကို ရန်လိုသော အခြေအနေ သည် မြန်မာနိုင်ငံ၏ မပြီးဆုံးသေးသော ပြုပြင်ပြောင်းလဲရေးကို ပိုမိုခြိမ်းခြောက်လာနေသည် ဟုလည်း ၎င်းတို့က ပြောသည်။
“ဒေါ်အောင်ဆန်စုကြည် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၎င်းတို့အား ယုံကြည်အပ်နှင်းထားသည့် ရွေးကောက်ပွဲ ကတိကဝတ်များကို ဖြည့်ဆည်းမည် ဟု မိမိတို့ မျှော်လင့်ကြောင်း၊ ထိုကတိကဝတ်မှာ အခြေခံဒီမိုကရေစီ လွတ်လပ်ခွင့်များ ကို လေးစားလိုက်နာသော ပွင့်လင်း သည်းခံသည့် မြန်မာနိုင်ငံကို တည်ဆောက်ရေး ဖြစ်သည်” ဟု Eva Kusuma Sundari က ဆက်လက် ပြောကြားသည်။
“သတင်းမီဒီယာ လွတ်လပ်ခွင့်သည် လူတိုင်း အတွက် အကျိုးပြုသောကြောင့် သတင်းသမားများကို အကာအကွယ် ပေးရမည် ဖြစ်ပြီး ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နိုင်ခွင့် ရှိစေရမည်။ မြန်မာနိုင်ငံသည် မိမိတို့မျှော်မှန်းထားသော ဒီမိုကရေစီ လူ့အဖွဲ့ အစည်းကို တည်ဆောက်ရာတွင် အောင်မြင်ရန် အတွက် သတင်းလုပ်ငန်းအပေါ် ခြိမ်းခြောက်မှုများကို ဖယ်ရှားခြင်းဖြင့် စတင် ဆောင်ရွက်ရမည်ဖြစ်သည်” ဟုလည်း ဆက်လက် ပြောကြားသည်။
သတင်းသမားများ ကာကွယ်ရေးကော်မတီ (CPJ) ၏ အရှေ့တောင်အာရှ ဆိုင်ရာ ကိုယ်စားလှယ် Shawn Crispin ကလည်း ဒေါ်အောင်ဆန်းစုကြည် အစိုးရသည် သတင်းသမားများကို ခြိမ်းခြောက် ထောင်သွင်း အကျဉ်းချရန် ခေတ်မမီသော ဥပဒေများကို ဆက်လက်အသုံးပြုနေသည် ဟု ပြောသည်။
“သတင်းသမားတွေဟာ ပစ်မှတ်တွေ ဖြစ်လာနေပြီး သတင်းရေးတဲ့ အတွက် ထောင်ချခံနေရတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရက အားပေးမယ့် အခြေအနေလို့ ကျနော်တို့ ထင် မထားခဲ့ဘူး။ အကြီးအကျယ် စိတ်ပျက်စရာ ကောင်းတယ်” ဟု သူက ဆက်ပြောသည်။
သတင်းသမားများကို ပြန်လည် လွှတ်ပေးရန် တောင်းဆိုနေသော နယူးယောက်အခြစိုက် သတင်းလွတ်လပ်မှု အဖွဲ့ ဖြစ်သည့် CPJ ကလည်း အစိုးရသည် ဖိနှိပ်သော ဥပဒေများကို ပြင်ဆင်မည်၊ ဖျက်သိမ်းမည်ဟု ယခင်က မျှော်လင့်ခဲ့သည် ဟုလည်း သူက ပြောပြီး “အဲဒီလို လုပ်ရမှာကို မလုပ်ဘဲ ဒီဥပဒေတွေကို သူတို့ ဆက်သုံးနေလို့ ကျနော်တို့ တုန်လှုပ်မိတယ်” ဟု ဆိုသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Asean Politicians Demand Release of Myanmar Journalistsကို ဘာသာပြန်သည်။)