သတင်း

ဦးကျော်မင်းဆွေနှင့် ဗြိတိသျှကိုကိုမောင်တို့ကို သတင်းမီဒီယာဥပဒေဖြင့် ထပ်မံတရားစွဲ

Want create site? Find Free WordPress Themes and plugins.

ကျည်ထောင်စုသစ္စာ သရော်စာနှင့် ပတ်သက်ပြီး တရားစွဲဆိုခံထားရသည့် The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်တို့ကို သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့် ထပ်မံ တရားစွဲဆိုလိုက်ကြောင်း ယနေ့ရုံးချိန်း၌ ဗဟန်းမြို့နယ်တရားသူကြီးက ပြောသည်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဖမ်းဆီးခံနေရသည့် ဦးကျော်မင်းဆွေအား ယခုကဲ့သို့ သတင်းမီဒီယာဥပဒေဖြင့် ထပ်မံတရားစွဲဆိုမှုကြောင့် အမှု ၂ မှုဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။ အလားတူ ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်သည်လည်း သတင်မီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့် ထပ်မံတရားရင်ဆိုင်ရမည် ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင်ပြဌာန်းခဲ့သည့် သတင်းမီဒီယာဥပဒေတွင် ပုဒ်မ ၂၅(ခ) အရ ပြစ်မှုထင်ရှားစီရင်ခံရပါက ထိုသူကို အနည်းဆုံးကျပ် ၃ သိန်းမှ အများဆုံး ကျပ် ၁၀ သိန်းအထိ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

ဦးကျော်မင်းတွေ၏ ဥပဒေအကြံပေးဖြစ်သူ ဦးခင်မောင်မြင့်က “သတင်းမီဒီယာဥပဒေနဲ့စွဲတာ ဒါပထမဆုံးပါပဲ။ မီဒီယာဥပဒေ အသက်ဝင်လာတာပေါ့။ ၆၆(ဃ) နဲ့ တချိန်လုံးမှားခဲ့တာက ပြန်တည့်မတ်လာတယ်လို့ ပြောလို့ရတယ်။ ဥပဒေပိုင်းကကြည့်ရင် ကြိုဆိုရမှာပါ” ဟု ပြောသည်။

သတင်းမီဒီယာဥပဒေဖြင့် တရားစွဲဆိုမှုကို ယနေ့ရုံးချိန်း၌ပင် ဆောင်းပါးရှင်ဗြိတိသျှကိုကိုမောင်က ကျပ်သိန်း ၂၀ တန် ခံဝန်ချုပ်ဖြင့် အာမခံရရှိခဲ့ပြီး၊ ဦးကျော်မင်းဆွေက အာမခံလျှောက်ထားခြင်းမရှိဘဲ ရုံးချိန်းကို ဇူလိုင်လ ၂၈ ရက်သို့ ထပ်မံသတ်မှတ်လိုက်သည်။

ယခုကဲ့သို့ သတင်းမီဒီယာဥပဒေဖြင့် အရေးယူဆောင်ရွက်လာသည့်အပေါ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစောက “သတင်းမီဒီယာသမားတွေရဲ့ ရေးသားမှုတွေမှာ ချို့ယွင်းချက်ရှိတယ်ထင်ရင် ကောင်စီမှာ အရင် ညှိနှိုင်းဆောင်ရွက်စေချင်တယ်။ ဥပဒေအရ ဆောင်ရွက်ညှိနှိုင်းပြီး လိုအပ်မှပဲ လုပ်ဆောင်စေချင်ပါတယ်” ဟု ပြောသည်။

ကျည်ထောင်စုသစ္စာသရော်စာ ရေးသားဖော်ပြမှုနှင့် ပတ်သက်ပြီး The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ဆောင်းပါးရှင်ဗြိတိသျှကိုကိုမောင်တို့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးလင်းထွန်းက တရားလိုပြုလုပ်၍ မေလ ၁၇ ရက်က ဗဟန်းမြို့နယ်ရဲစခန်းနှင့် တရားရုံးတို့တွင် တပြိုင်တည်း ဦးတိုက်လျှောက်ထား တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ဗဟန်းရဲစခန်း၌ တိုင်ကြားမှုကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူခဲ့ပြီး ၊ ဗဟန်းတရားရုံး၌ ဦးတိုက်လျှောက်ထားမှုကို သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့် ယခုကဲ့သို့ ထပ်မံအရေးယူခြင်း ဖြစ်သည်။

လက်ရှိတွင် ဦးကျော်မင်းဆွေမှာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်းခံထားရပြီး ၎င်း၏အာမခံလျှောက်ထားမှုအပေါ် ဗဟန်းတရားရုံးက အကြိမ်ကြိမ်ပယ်ချခဲ့ပြီး တရားရင်ဆိုင် နေရဆဲဖြစ်ကာ ယနေ့ရုံးချိန်းသည် ၆ ကြိမ် မြောက်ရှိပြီ ဖြစ်သည်။

ဦးကျော်မင်းဆွေအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တရားစွဲဆိုထားမှုကို ရုပ်သိမ်းပယ်ဖျက်ပေးရန် အတွက် လာမည့် ဇူလိုင် ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ တင်ပြလျှောက်ထားမည် ဖြစ်ကြောင်း သိရသည်။

ရဲလက်စွဲဥပဒေ အပိုဒ် ၁၄၁၆ တွင် တိုင်ကြားသူတဦးတည်းက တိုင်ကြားခံရသူတဦးကို အကြောင်းအရာတခုအတွက် ရဲစခန်းနှင့် တရားရုံးတို့တွင် တပြိုင်တည်း ဦးတိုက်လျှောက်ထားပါက ရဲစခန်း၌ တိုင်ကြားမှုကို ဦးတိုက်လျှောက်ထားမှု အဖြစ် သတ်မှတ်၍ အမှုပိတ်ပေးရမည်ဟု ပြဌာန်းထားကြောင်း ဥပဒေအကြံပေးဦးခင်မောင်မြင့်က ရှင်းပြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading