မြစ်ရေတက်သဖြင့် ဧရာဝတီတိုင်းရှိ စာသင်ကျောင်း ၆၀ ကျော် ယာယီပိတ်ထားရ
ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ စာသင်ကျောင်းများ ရေနစ်မြုပ်နေခြင်းနှင့် ကျောင်းသို့ သွားရောက်ရန် ခက်ခဲနေခြင်း တို့ကြောင့် အခြေခံပညာကျောင်းပေါင်း ၆၀ ကျော်ကို ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။
ပိတ်ထားရသော ကျောင်းများတွင် ဇလွန်နှင့် မြန်အောင်မြို့နယ်များရှိ အခြေခံပညာ မူလတန်းကျောင်း အများဆုံး ပါဝင်နေပြီး ဇူလိုင်လ ၁၈ ရက်နေ့က စတင်ပိတ်ခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွန်ကြားရေးမှူး ဦးဝင်းမောင်က “မိုးအဆက်မပြတ်ရွာပြီး ကျောင်းတွေထဲကို ရေတွေ ဝင်ရောက်နေလို့ ပိတ်ထားရတာပါ။ ကလေးတွေ သွားရေးလာရေး ခက်ခဲနေတာကြောင့်လည်း ပါပါတယ်။ မူလ တန်းကျောင်း အများစု ပိတ်ထားရတာပါ။ ရေကျသွားမှပဲ ပြန်ဖွင့်နိုင်မှာပါ” ဟု ဧရာဝတီကို ပြောသည်။
ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် အဆိုပါမြို့များ၏ စိုးရိမ်ရေမှတ်အထက် ၂ ပေစီ၊ ညောင်တုန်းမြို့ တွင် စိုးရိမ်ရေမှတ်အထက် ၃ ပေနှင့် မြန်အောင်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၁ ပေခန့်သို့ အသီးသီး ကျော်လွန် ရောက်ရှိ နေကြောင်း သိရသည်။
ငဝန်မြစ်သည် ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ်အထက် ၂ ပေခန့်နှင့် သာပေါင်းမြို့တို့တွင် ၁ ပေခန့်သို့ ကျော်လွန် ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရေကြည်မြို့နယ်၊ ကွင်းသုံးဆင့်ကျေးရွာမှ ကျောင်းသားမိဘ ကိုနေလင်းက “ကျောင်းတွေ ရေမြုပ်မှ ပိတ်တာထက် ကလေး တွေ ကျောင်းတက်ဖို့ သွားရေးလာရေးအခက်အခဲ ဖြစ်လာတာနဲ့ ကြိုတင် ပိတ်ထားသင့်ပါတယ်။ ဒီဘက်မှာကျတော့ ရေ နည်းနည်း တက်တာနဲ့ ကျောင်းသား၊ ကျောင်းသူတွေက ရေတောထဲမှာ စက်လှေစီးပြီး ကျောင်းသွား၊ ကျောင်းပြန် လုပ် နေရတာ အန္တရာယ်များတယ်” ဟု ပြောသည်။
ရေကြီးမှုကြောင့် ဟင်္သာတမြို့နယ်တွင် ဒေသခံများ ရွှေ့ပြောင်းရခြင်း မရှိသော်လည်း ကမ်းပြိုကမ်းစားမှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေ၍ ပဲကြီးကျွန်း၊ သဲရိုးနှင့် ဣတ္ထိယကျေးရွာများရှိ နေအိမ်အလုံး ၁၆၀ ရေတိုက်စားခံခဲ့ရကြောင်း၊ အဆိုပါ နေအိမ် များအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနက တအိမ်လျှင် ပြောင်းရွှေ့စရိတ် ကျပ် ၁ သိန်းနှင့် စားနပ်ရိက္ခာများ ကူညီထောက်ပံ့မှုများ လုပ်ဆောင်ထားကြောင်း သိရသည်။
ဟင်္သာမြို့နယ် အမှတ် – ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးက “ဟင်္သာတမှာတော့ ရေတွေတက်လို့ လိပ်ချောင်းကစပြီး မူလတန်းကျောင်းတွေ ပိတ်ထားတယ်။ ရေတက်လို့ လူတွေ ရွှေ့ပြောင်းရတာတော့ မရှိသေးဘူး။ ပဲကြီးကျွန်း၊ သဲရိုးရွာတွေဘက်မှာ ကမ်းပြိုကမ်းစားမှုတွေဖြစ်လို့ အိမ်တွေ ရွှေ့ရတယ်။ အိမ်အလုံး ၁၆၀ အတွက် လူ ကယ်ပြန်ဌာနက ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ထားတယ်” ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၆ ခုနှစ်အတွင်း ရေကြီးနစ်မြုပ်မှုများ ဆိုးရွားစွာ ဖြစ်ပွားခဲ့၍ လူဦးရေ ၅ သိန်းကျော် ရေဘေးဒုက္ခ ခံစားခဲ့ရပြီး လယ်ယာမြေဧက သောင်းနှင့်ချီ၍ ရေနစ်မြုပ် ပျက်စီးခဲ့ရသည်။