ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံထားရသူ လယ်ဝေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ဝင် ၂ ဦးဖြစ် သူ ဒေါ်သက်သက်မော်နှင့် ဦးမျိုးလှိုင်ဦးတို့ကို ယနေ့ ညနေပိုင်းက လယ်ဝေးမြို့နယ် တရားရုံးတွင် စတင်ရုံးထုတ် စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။
လယ်ဝေးမြို့နယ် NLD ပါတီဝင်များနှင့် မီဒီယာများသည် ဒေါ်သက်သက်မော်တို့ ၂ ဦး၏ ရုံးထုတ်ကို နေ့လယ်ပိုင်းကပင် လယ်ဝေး မြို့နယ် ရဲစခန်းအနီးတွင် သွားရောက်စောင့်ဆိုင်းခဲ့သော်လည်း ညနေ ၄ နာရီဝန်းကျင်ရောက်မှသာလျှင် မိုးရွာထဲတွင် ရုံးထုတ် စစ် ဆေးခဲ့သည်ကို တွေ့ရသည်။
“ဒီနေ့က တရားရုံးမှာ ကြားနာတာမျိုး မရှိပါဘူး။ ရမန်ယူ ရုံးထုတ်ကို ပေါင်းပြီးလုပ်တဲ့သဘောပါ။ ရုံးချိန်းကို ဇူလိုင်လ ၃၁ ရက်နေ့ကို ရွေ့လိုက်ပါတယ်။ ရုံးချိန်ကုန်ခါနီးမှ ရုံးထုတ်စစ်ပြီး ရုံးအာမခံ လုပ်လို့ ရတယ် ပြောတယ်။ အာမခံ လုပ်မယ်ဆိုတော့ ရုံးတွေက ပိတ်နေပြီ။ ကျနော်တို့ ပြည်သူက နားမလည်တဲ့အပေါ်မှာ သက်သက်ကို လူလည်ကျတာ။ အခု သူတို့ ၂ ယောက်စလုံးကို ရမည်းသင်းထောင်ကို ပို့ လိုက်ပြီ။ ကျနော် အမျိုးသမီးက အမျိုးသားတွေချည်းပဲ တင်ထားတဲ့ အချုပ်ကားပေါ်မှာ သူတယောက်တည်း ပါသွားတယ်”ဟု ဒေါ်သက်သက်မွန်၏ ခင်ပွန်းဖြစ်သူ ဦးမျိုးလှိုင်ဦးက ဧရာဝတီသို့ ပြောသည်။
၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ကျေးရွာ ရန်ပုံငွေ အလွဲသုံးစားမှုဖြင့် အချုပ်ကျအဖြစ် အမှုရင်ဆိုင်နေရသူ လယ်ဝေးမြို့မှ ဒလန့်ချွန် ကျေးရွာ၏ အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်ဌေး၏ ရုံးထုတ်မြင်ကွင်းတခုကို ၎င်း၏ ဖေ့ဘုတ်စ် စာမျက်နှာတွင် ၂၀၁၇ ခုနှစ်၊ ဧပြီလ ဆန်းပိုင်းက တင်ပြခဲ့၍ ဦးတင်ဌေး၏ ဦးလေးတော်စပ်သူ ဦးမောင်ဝင်းဆိုသူက ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်ဟု လယ်ဝေး NLD အသိုင်းအဝိုင်းက ပြောသည်။
ဒေါ်သက်သက်မော်၏ ဖေ့ဘုတ်ပိုစ့်အား ရှယ်လုပ်ခဲ့သူ ဒလန့်ချွန်ရွာသား လယ်ဝေးမြို့နယ် NLD ပါတီဝင် ဦးကျော်မျိုးလွင်မှာလည်း ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အဖမ်းခံရပြီး ဒေါ်သက်သက်မော်မှာ နောက်တရက်တွင် ၎င်းနေထိုင်သည့် အေလာမြို့နယ်ရှိ နေအိမ်တွင် အဖမ်းခံခဲ့ရသည်ဟု သိရသည်။
“ကျမလုပ်တာကတော့ အမှန်တရားပဲ။ အမှန်တရားကိုမှ ဒီလိုမျိုးလုပ်လို့ ခံရလို့ရှိရင် နောက်လာနောက်သားတွေ ကျမလို အမှန်ကို မဖော်ထုတ်ရဲမှာပဲ ကြောက်တယ်။ ဒါကို ရင်ဆိုင်ဖို့ ကျမ အဆင်သင့်ပါပဲ”ဟု တရားရုံး ထွက်ခွာသည့်လမ်းတွင် ဒေါ်သက်သက် မော်က ဧရာဝတီ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားသည်။
ယင်းအမှုကို ကူညီပေးနေသူ မန္တလေးတိုင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်ဦးက အမှုရင်ဆိုင်ရန်အတွက် လယ်ဝေးမြို့မှ တရားလွှတ်တော် ရှေ့နေ ၃ ဦးက ကူညီပေးမည် ဖြစ်ကြောင်း၊ နည်းမှန်လမ်းမှန်ဖြင့် အာမခံရရှိအောင် ဥပဒေနှင့်အညီ ကြိုးစားသွားမည်ဟု ရုံးမထုတ်မီတွင် ဧရာဝတီသို့ တယ်လီဖုန်းမှတဆင့် ပြောသည်။
ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)တွင် ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ် တဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်း(သို့မဟုတ်) ခြိမ်းခြောက်ခြင်းလုပ်သူများကို အရေးယူရန် ပြဌာန်းထားပြီး ယင်းဥပေဒကြမ်းကို ပြင်ဆင်ရန် အမျိုးသားလွှတ်တော်တွင် ကြိုးစားလျက်ရှိသည်။
ဦးမျိုးလှိုင်ဦးက“နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံသားအခွင့်ရေး ဆုံးရှုံးနေတယ်လို့မြင်ပါတယ်။ အုပ်ချုပ်ရေးမှုးရဲ့ အမျိုးတော်စပ်သူလို့ သူတို့ပြောကြတဲ့ လူတယောက်က ခွင့်ပြုချက်တွေ၊ ကိုယ်စားလှယ်ပါဝါတွေ ရမရမသိဘူ။ မိသားစုဝင် ဟုတ်မဟုတ်လည်း မသိဘူး။ ဘာမသိ၊ ညာမသိနဲ့ ၆၆ဃ လို ပုဒ်မကို ကိုင်ပြီးတော့ တရားစွဲခွင့်ရနေတာက ဥပဒေရဲ့အားနည်းချက်လို့ ကျနော်မြင်တယ်”ဟု ပြောသည်။
ယခုအခါ နိုင်ငံတဝန်းလုံးတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲခံထားရသူပေါင်း ၇၅ ဦးအထိ ရှိလာပြီး ၎င်းတို့ထဲ တွင် သတင်းမီဒီယာနှင့် သက်ဆိုင်သည့်အမှု ၂၀ ခန့်ရှိကြောင်း စုံစမ်း သိရသည်။