မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပျားတောင်ဒေသတွင် တည်ဆောက်ထားသည့် MCL ဘိလပ်မြေစက်ရုံတွင် ကျောက်မီး သွေး လောင်စာ အသုံးပြုနေမှု ရပ်ဆိုင်းပေးရန် ဒေသခံများက ယနေ့ မော်လမြိုင်မြို့၌ ဒုတိယ အကြိမ် ဆန္ဒပြ သည်။
ဆန္ဒပြပွဲဦးဆောင်သူ တဦးဖြစ်သည့် ကိုနိုင်ရဲဇော်က “ပျားတောင်မှာ တည်ဆောက်ထားတဲ့ ကျောက်မီးသွေးလောင်စာသုံး ဘိလပ်မြေစက်ရုံဟာ ပွင့်လင်းမြင်သာစွာ တည်ဆောက်ထားတဲ့ စက်ရုံမဟုတ်ဘူး။ ဒီကိစ္စအတွက် နိုင်ငံတော်သမ္မတ၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်ပြည်နယ်လွှတ်တော်ထံ တင်ပြထားတာလည်း အခုအချိန်အထိ ထိရောက်တဲ့တုံ့ပြန်မှု မရရှိ သေးဘူး။ ဒါကြောင့် ထပ်မံဆန္ဒပြရခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။
MCL ဘိလပ်မြေစက်ရုံတွင် အသုံးပြုရန်အတွက် ကျောက်မီးသွေးတန်ချိန် ၂ သိန်း နီးပါးကို တင်သွင်းခဲ့ပြီး အတ္တရံ မြစ် ကြောင်း အတိုင်း သင်္ဘောကြီးများဖြင့် စက်ရုံဆီသို့ သယ်ဆောင်နေသည်ကို တွေ့ရကြောင်းလည်း ဒေသခံများက ပြောပြ သည်။
ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည့် ပျားတောင်ဒေသ လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးနိုင်ရွှေဝင်းကလည်း “ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်လောက်မှ ကျောက် မီးသွေး သင်္ဘောကြီးတွေ အတ္တရံမြစ်ထဲကို ဝင်လာတဲ့အချိန်မှ ဒီစက်ရုံဟာ ကျောက်မီးသွေးနဲ့ လည်ပတ်မယ် ဆိုတာ ကျနော်တို့ ဒေသခံတွေ သိရတဲ့အတွက် ဆန္ဒပြတာ နောက်ကျတယ်လို့ပဲ ဆိုရမယ်” ဟု ပြောသည်။
MCL ဘိလပ်မြေစက်ရုံသည် ပြီးခဲ့သည့် ၂၀၁၇ ဧပြီလ ၁ ရက်မှစ၍ ကျောက်မီးသွေး လောင်စာ အသုံးပြု၍ စီးပွားဖြစ် တရားဝင် လည်ပတ်နေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ကျောက်မီးသွေး လောင်စာ အသုံးပြုမှုကို ဒေသခံအင်အား ၇၀၀၀ နီးပါးဖြင့် ယခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်က ပထမ အကြိမ် ဆန္ဒပြခဲ့ကြပြီး ဇူလိုင် ၂၁ ရက်နေ့ ဒုတိယအကြိမ် ဆန္ဒပြမှုတွင် ဒေသခံ ၂၀၀၀ ကျော်ပါဝင်ကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန ပြည်ထောင်စုဝန်ကြီးက ပြီးခဲ့သည့် ဇွန်လအတွင်း၌ မွန်ပြည်နယ်သို့ လာရောက်စဉ်အတွင်း MCL စက်ရုံကို ၁ လ တကြိမ် စောင့်ကြည့်လေ့လာ၍ အစီရင်ခံစာ တင်ပေးရန် မွန်ပြည်နယ် အစိုးရအဖွဲ့ထံကို ညွှန်ကြားထားပြီ ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့က ပြောဆိုခဲ့သည်။