မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူ၊ မြန်အောင်နှင့် အင်္ဂပူမြို့နယ်ရှိ လူဦးရေ ၁၀၀၀ ကျော်မှာ နေအိမ်များကိုစွန့်ခွာ၍ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရကြောင်း သတင်းရရှိသည်။
“အခုလက်ရှိ ကယ်ဆယ်ရေးစခန်း ၄ ခု ဖွင့်ထားရပြီ။ အဓိကလိုအပ်မယ့် အရာကတော့ စားနပ်ရိက္ခာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် စားနပ်ရိက္ခာတွေ မြို့နယ်တိုင်း အမြန်ရောက်ဖို့ ဦးစားပေး ဆောင်ရွက်နေပါတယ်။ နောက်ထပ် ပေါ်လာနိုင် မယ့် နောက်တိုးစခန်းတွေအတွက်တော့ ဆက်လက်ထောက်ပံ့ဖို့ ဆောင်ရွက်နေပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးသန်းစိုးက ဧရာဝတီကို ပြောသည်။
ရေဘေးကယ်ဆယ်ရေးစခန်းများကို မြန်အောင်မြို့နယ်တွင် ၁ ခု ဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၆၀ ကျော်၊ ဓနုဖြူ မြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၂ ခု ရှိပြီး အိမ်ထောင်စု ၁၂၀ ကျော်၊ အင်္ဂပူမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၁ ခု ရှိပြီး အိမ်ထောင်စု ၁၀၀ ကျော် ခိုလှုံနေကာ ဒေသတွင်းရှိ စာသင်ကျောင်းပေါင်း ၆၀ ပိတ်ထားရကြောင်း သိရသည်။
ဓနုဖြူ မြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းထွေးကလည်း “အခုလက်ရှိ ကယ်ဆယ်ရေး စခန်းကို ရေဘေးဒုက္ခသည် ၄၇၀ ရောက်ရှိနေတယ်။ ရေမြုပ်တာက မြို့အပြင်ဘက် ရေကာတာ အပြင်ဘက် အနိမ့်ပိုင်း ရပ်ကွက်တွေရယ်၊ ကျေးရွာတချို့က ပြည်သူတွေပါ။ သူတို့တွေအတွက် လူကယ်ပြန်ဌာနက ဆန်အိတ်တွေပို့ပေးထားလို့ ကျနော်တို့ ဒီနေ့ ဝေငှ ပေးထားတယ်။ အခြေအနေက စိုးရိမ်စရာတော့မရှိပါဘူး။ ရေဘေးကယ်ဆယ်ရေး ကော်မတီအနေနဲ့ ရေထပ်တက်လာရင် ကာကွယ်ဖို့ သဲအိတ်တွေလည်း အဆင့်သင့် ပြင်ဆင်ထားပါတယ်” ဟု ရှင်းပြသည်။
လတ်တလောတွင် ဧရာဝတီမြစ်ရေမှာ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် စိုးရိမ်ရေမှတ်ထက် ၂ ပေစီ ကျော်လွန်နေပြီး ဓနုဖြူမြို့တွင် စိုးရိမ်ရေမှတ်အထက် ၃ ပေ၊ ညောင်တုန်းမြို့တွင် ၂ ပေခွဲ ကျော်လွန်နေကြောင်း သိရသည်။
ငဝန်မြစ်ရေမှာ ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ်ထက် ၂ ပေခွဲ၊ သာပေါင်းမြို့တွင် စိုးရိမ်ရေမှတ်ထက် ၁ ပေ ကျော်လွန်နေကာ တိုးမြစ်ရေမှာ မအူပင်မြို့တွင် စိုးရိမ်ရေမှတ်ထက် ၁ လက်မ ကျော်လွန်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာနက သတင်းထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၆ ခုနှစ် မိုးရာသီကာလက ရေကြီးနစ်မြုပ်မှု စံချိန်တင်ဖြစ်ပွားခဲ့ပြီး မအူပင်၊ ဟင်္သာတ၊ ပုသိမ်၊ ဖျာပုံနှင့် မြောင်းမြခရိုင်တို့ရှိ လူပေါင်း ၅ သိန်းကျော် ရေဘေး ဒုက္ခ ရင်ဆိုင်ခဲ့ရကာ မိုးစပါးစိုက်ပျိုးဧက ၂ သိန်းကျော် ရေနစ်မြုပ်ပျက်စီးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စာရင်းများအရ သိရသည်။