ဇူလိုင်လ ၄ ရက်နေ့ ညသန်းခေါင်အချိန်တွင် မျက်နှာဖုံးစွပ်ထားပြီး တကိုယ်လုံး အနက်ရောင်ဝတ်ဆင်ထားသည့် လူ ၁ ဒါဇင်ကျော်က မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ အဘဒူ ဆူလဝန်၏ အိမ်ကို ဝိုင်းရံခဲ့ကြသည်။ ထိုအချိန်တွင် သူ့ကို အသက်ထင်ရှား နောက်ဆုံးမြင်တွေ့ခဲ့ရခြင်း ဖြစ်သည်ဟု သူ့ဇနီးကပြောသည်။
“သူ့ကို ဒရွတ်တိုက် ဆွဲသွားတဲ့ သွေးစွပ်ကြောင်း တခုတွေ့တယ်” ဟု အသက် ၄၀ အရွယ် ဟလယ်ဒက တုတ်များဖြင့် အရိုက်ခံခဲ့ရသည့် ကိုယ်ပေါ်မှ ဒဏ်ရာများကို ပြရင်း ပြောသည်။ သူ့ခင်ပွန်း၏ အလောင်းကို သူတို့နေထိုင်ရာ မောင်နှမ ကျေးရွာ အနီးမှ လျှိုတခုတွင် ဇူလိုင်လ ၈ ရက်နေ့က ပြန်လည်တွေ့ရှိခဲ့ရသည်။
အစိုးရ၏ အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ သတင်းထောက်များ သွားရောက်ခဲ့ကြသည့် အချိန်တွင် ဟလယ်ဒက ပြန်ပြောပြခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နိုင်ငံမဲ့ မွတ်ဆလင် အများစု နေထိုင်သည့် နေရာ ဖြစ်သည်။
တာဝန်ရှိသူများ၏ အဆိုအရ ယခုဖြစ်ရပ်၏ နောက်ကွယ်တွင် မွတ်ဆလင် လက်နက်ကိုင်များ ရှိနေပြီး ထိုဒေသတွင် လူအများအပြား သတ်ဖြတ်ခံရခြင်းမှ ပြီးခဲ့သည့် လများ အတွင်းက အကြမ်းဖက်ပဋိပက္ခများနှင့် ဆက်နွယ်နေသည်။ အရပ်သားများကို လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်မှုများကျူးလွန်ခဲ့သည် ဆိုသော စွပ်စွဲမှုများလည်း ထွက်ပေါ်ခဲ့သည်။
“မွတ်ဆလင် စစ်သွေးကြွတွေက အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တယ်လို့ သူတို့ ယူဆတဲ့သူတွေကို ရှင်းပစ်နေတယ်ဆိုတာ ထင်ရှားပါတယ်” ဟု မြန်မာ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်းက သံတမန်များကို ရန်ကုန်မြို့တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၉ လအတွင်းတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ အရပ်သား အနည်းဆုံး ၄၄ ဦး သတ်ဖြတ်ခြင်း ခံခဲ့ရပြီး ပြန်ပေးဆွဲခံရသူ သို့မဟုတ် ပျောက်ဆုံးနေသူ ၂၇ ဦး ရှိသည်ဟု ဦးသောင်းထွန်းက ဆိုသည်။
ထိုအချက်အလက်များကို လွတ်လပ်စွာ အတည်ပြုရန် သို့မဟုတ် စာနယ်ဇင်းသမားများကို ရှင်းပြခဲ့သော သတ်ဖြတ်မှုတိုင်း ၏ နောက်ကွယ်တွင် မည်သူရှိနေသည်ကို ဖော်ထုတ်ရန် မလွယ်ကူခဲ့ပါ။ အရပ်သားများကို ပစ်မှတ်ထားခြင်းမရှိကြောင်း လက်နက်ကိုင်များဘက်မှ ငြင်းခဲ့ကြသည်။
သို့သော်လည်း အဘဒူ ဆူလဝန်၏ ဖြစ်ရပ် အပါအဝင် အမှု ၂ ခုလုံးတွင် သားကောင်ဖြစ်ခဲ့သူများ၏ ဆွေမျိုးများက အာ ဏာပိုင်များ၏ အမြင်ကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံခဲ့ကြသည်။
အကယ်၍ အနည်းဆုံးအနေဖြင့် အချို့သော သတ်ဖြတ်မှုများတွင် မွတ်ဆလင် လက်နက်ကိုင်များက တာဝန်ရှိသည်ဆိုလျှင် အစိုးရက စစ်ဆင်ရေးများကို ရပ်နားလိုက်ပြီး ဖြစ်ကြောင်း ဖေဖော်ဝါရီလ အတွင်းက ကြေညာခဲ့ပြီး ဖြစ်သည့်တိုင် အောက်တိုဘာလမှ စတင်ပေါ်ပေါက်ခဲ့သည့် လက်နက်ကိုင် တိုက်ခိုက်မှုများကို အပြီးပြတ် ချေမှုန်းနိုင်ခဲ့ခြင်း မရှိကြောင်း သက်သေ အထောက်အထား ဖြစ်လာသည်။
“အောက်ခြေထိ ပြန်သွား”
Harakah al-Yaqin ဟု သိကြသည့် အဖွဲ့တခုက မြန်မာ နယ်ခြားစောင့် စခန်းများကို အောက်တိုဘာလ ၉ ရက်နေ့တွင် တိုက်ခိုက်ခဲ့သည့်အတွက် ရဲအဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ရခြင်းက နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရသစ် ရင်ဆိုင်ရမည့် အကြီးဆုံး ပြဿနာတခုကို တောက်လောင်စေခဲ့သည်။
တပ်မတော်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး များဆောင် ရွက်စဉ်အတွင်း မွတ်ဆလင် ၇၅၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ သို့ ထွက်ပြေးခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့များက မတရားပြုကျင့်ခြင်း၊ နှိပ်စက်ခြင်း နှင့် တရားလက်လွတ် သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည် ဆိုသည့် စွပ်စွဲမှုများလည်း ပေါ်ထွက်လာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရက စွပ်စွဲမှု အများအပြားကို ညင်းပယ်ခဲ့ပြီး ကုလသမဂ္ဂ မှ ကျွမ်းကျင်သူများ အဖွဲ့တခု လာ ရောက်ရေးကိုလည်း ငြင်းဆန်ခဲ့သည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့က ရခိုင်ပြည်နယ်မှ လက်တွေ့မြေပြင် အခြေအနေများ ကို ပိုမိုဆိုးရွားစေလိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။
Harakah al-Yaqin သို့မဟုတ် ယုံကြည်ချက်လှုပ်ရှားမှု အဖွဲ့မှ ခေါင်းဆောင်များပါဝင်သည့် အဖွဲ့ငယ်လေးက အောက် တိုဘာတိုက်ခိုက်မှုများအတွက် လူငယ်များကို မည်သို့ စည်းရုံးစုဆောင်းခဲ့သည်ဆိုသည်ကို ရွာသားများနှင့် မြန်မာလုံခြုံရေး သတင်းရင်းမြစ်များက ယခုနှစ် အစောပိုင်းတွင် ရိုက်တာသို့ ပြောပြခဲ့ကြသည်။
Harakah al-Yaqin အဖွဲ့က ၎င်း တို့သည် နိုင်ငံသား ဖြစ်ခွင့်ကို ညင်းပယ်ခံရပြီး ဗုဒ္ဓဘာသာဝင် အများစု ဖြစ်သည့် မြန်မာနိုင်ငံတွင် ဖိနှိပ်ကန့်သတ်မှုများနှင့် ရင်ဆိုင်နေရသော “ရိုဟင်ဂျာ” ၁.၁ သန်း၏ အခွင့်အရေးအတွက် တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ပြောခဲ့ကြသည်။
ပြီးခဲ့သည့်လများအတွင်းတွင် လက်နက်ကိုင်များက လုံခြုံရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင်မှု မရှိခဲ့သော်လည်း လက် နက်ကိုင်များ ပုန်းခိုနေသည်ဟု သတင်းရရှိသည့်အတွက် ဇူလိုင်လ ၉ ရက်နေ့က တင်မေကျေးရွာသို့ စစ်ဆေးရန် ရောက် ရှိလာသည့် အစိုးရလုံခြုံရေးတပ်ဖွဲ့များ နှင် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ ၂ ဦးသေဆုံး၍ ၂ ဦး အဖမ်းခံခဲ့ရသည်။
လန်ဒန် အခြေစိုက် IHS-Markit မှ လုံခြုံရေးဆိုင်ရာ လေ့လာဆန်းစစ်သူ Anthony Davis က လက်နက်ကိုင်များသည် အဖွဲ့ကို ပြန်လည်ဖွဲ့စည်းနေသည့် အသွင်ရှိကြောင်း ပြောသည်။
“ဒီနှစ် အတွင်းမှာ ကျနော်တို့ မြင်ခဲ့ရတဲ့ အဖြစ်အပျက်တွေရဲ့ ပံုံစံက အောက်ခြေအဆင့်ကို ပြန်သွားတဲ့ ဗျုဟာတခုနဲ့ ကျေးရွာတွေမှာ နိုင်ငံရေးအရ လုပ်နေတယ်ဆိုတာကို ရောင်ပြန်ဟပ်ပြနေပါတယ်” ဟု Anthony Davis ကပြောသည်။
“သူတို့က သတင်းပေးနိုင်တဲ့အခြေအနေတွေကို ဖယ်ရှားဖို့နဲ့ ရိုဟင်ဂျာတွေကြားမှာ ကြောက်ရွံ့ စိုးရိမ်မှုတွေ အတိုင်းအတာ တခု အထိရှိလာဖို့ ကြိုးစားနေတဲ့ အသွင်ရှိပါတယ်။
Harakah al-Yaqin ကို ကိုစားပြုသည်ဟု ဆိုသော ရခိုင် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (Arakan Rohingya Salvation Army) အမည်ရှိ ဆိုရှယ်မီဒီယာ စာမျက်နှာတခုတွင် ၎င်း တို့အဖွဲ့အနေဖြင့် လုပ်ကြံထားသည့် သတင်းမှား သတင်းတုများ ဖော်ပြထားသလို မည်သည့် အရပ်သားကိုမျှ တိုက်ခိုက်ခြင်း သို့ မဟုတ် သတ်ဖြတ်ခြင်း မပြုလုပ်ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။
အကြောက်နှင့် လက်စားချေခြင်း
နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ တပ်မှူးဖြစ်သော ရဲမှူးချုပ် သူရစန်းလွင်က စုံစမ်းမေးမြန်း၍ ရရှိသည့် သတင်း အချက်အလက် များနှင့် လက်နက်ကိုင်တို့၏ လေ့ကျင့်ရေး စခန်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်းများအရ အနည်းဆုံး အနေဖြင့် လတ်တလော သတ်ဖြတ်မှုများထဲမှ အချို့ကို လက်နက်ကိုင်များဘက်မှ ကျူးလွန်ခြင်း ဖြစ်ကြောင်း ဖော်ပြနေသည်ဟု ပြောသည်။
အချို့သော သတ်ဖြတ်မှုများမှာ ဒေသခံချင်း အငြင်းပွားမှုများကြောင့် ဖြစ်နိုင်သည် ဟုလည်း သူက ဆိုသည်။
အသက် ၂၈ နှစ်အရွယ် မိုဟာမက် တာဆွန်ကို လည်ပင်းနှင့် ကိုယ်ခန္ဓာတွင် ဓားဒဏ်ရာများ ဖြင့် သေဆုံးနေသည်ကို ယင်းမာကျောင်းတောင် ကျေးရွာတွင် တွေ့ရှိခဲ့သည်။
“ကျမ ယောက်ျားက စစ်တပ်နဲ့ ရင်းနှီးတယ်။ ဒါကြောင့် သူတို့က သူ့ကို သတ်လိုက်တာလို့ ကျမ ထင်ပါတယ်” ဟု မိုဟာမက် တာဆွန်၏ ဇနီး ဖြစ်သူ အသက် ၂၃ နှစ် အရွယ် ဟော်ဒီဇက ပြောသည်။
မီဒီယာများ သွားရောက်ချိန်တွင် သတင်းထောက်များနှင့် တွေ့ဆုံရန် ဘူးသီးတောင်မြို့နယ် အာဏာပိုင်များက ခေါ် ဆောင် လာခဲ့သော ဟလယ်ဒနှင့် ဟော်ဒီဇတို့ကဲ့သို့သောသူများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က အနီးကပ်စောင့်ကြည့်နေသည်။
အဘဒူ ဆူလဝန် သေဆုံးခဲ့ပြီးနောက် မောင်နှမ ကျေးရွာကို လုံခြုံရေး တပ်ဖွဲ့များက ဝင်ရောက် သိမ်းပိုက်ရာတွင် အနည်းဆုံး အိမ်တလုံး မီးလောင်ကျွမ်းခဲ့ပြီး အမျိုးသား အများအပြား ဖမ်းဆီးခံခဲ့ရကြောင်းနှင့် အခြားသူများက ပုန်းရှောင်နေကြကြောင်း သတင်းထောက်များကို မြစ်ကမ်းပါးတခုတွင် သူတို့၏ ပျောက်ဆုံးနေသော ခင်ပွန်းများနှင့် သားများအကြောင်း ပြောရန် ကြိုးစားခဲ့သော အမျိုးသမီးများက ဆိုသည်။
“ကျမ သားက အကြမ်ဖက်မှုနဲ့ ဘာမှ မဆိုင်ပါဘူး။ သူတို့မှာ ဘာသက်သေ အထောက်အထားမှ မရှိပါဘူး” ဟု အသက် ၄၈ နှစ် အရွယ် မာမူဒါ ဟတုကပြောသည်။ သူ၏ သားဖြစ်သူ အသက် ၂၄ နှစ် အရွယ် ဆတ် အူလာမှာ ဖမ်းဆီးခြင်း ခံခဲ့ရသည်။
စောင့်ကြည့်ရေး အဖွဲ့ တခုဖြစ်သည့် Arakan Project မှ Chris Lewa က ထိုဒေသသည် သတ်ဖြတ်မှုများကို တုန့်ပြန်ရန် လုံခြုံရေးတပ်ဖွဲ့များက ဝင်ရောက် ညအချိန်တွင် စီးနင်းခြင်းများနှင့် အတူ အကြမ်းဖက်မှု သံသရာလည်နေသည်ကို မြင်နေရကြောင်း ပြောသည်။
အဘဒူ ဆူလဝန် အသတ်ခံရမှု အတွက် စုံစမ်းစစ်ဆေးရန် ယခုအပတ်အတွင်းတွင် မောင်နှမ ကျေးရွာမှ လူ ၂၀ခန့် ဖမ်းဆီး ခဲ့ကြောင်း ရဲမှူး ထွန်းလှိုင်က ပြောသည်။ အများစုကို ပြန်လွှတ်ပေးပြီး ဖြစ်သော်လည်း လက်နက်ကိုင်များနှင့် အလုပ်လုပ် သည်ဟု သံသယ ရှိသူ ၄ ဦးကို စစ်ဆေးမေးမြန်းနေဆဲ ဖြစ်သည်ဟု သူက ဆိုသည်။
( Reuters သတင်းထောက် Simon Lewis ၏ Myanmar sees insurgents behind Rohingya killings in northwest ကို ဘာသာပြန်ဆိုသည်)