ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်အတွင်း ကုမ္ပဏီပေါင်း ၂၇၀ ကျော်သို့ လုပ်ပိုင်ခွင့် ပေးအပ်ထားသည့် မြေလွတ် မြေရိုင်းများအနက် ဧက ၁ သိန်းကျော်မှာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားခြင်း မရှိကြောင်း သတင်းရရှိသည်။
မအူပင်ခရိုင်သည် ဧရာဝတီတိုင်း ဒေသကြီးတွင် လယ်ယာမြေနှင့် မြေလွတ်မြေရိုင်း သိမ်းဆည်းခံရမှု အများဆုံး ဒေသ ဖြစ်ပြီး ၁၉၉၀ ဝန်းကျင်နှစ်များက စစ်အစိုးရက ဝါဝါ၀င်း၊ အောချက်၊ အေးရှားမိုက်၊ ပင်လုံရတနာ စသည့် ကုမ္ပဏီများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအား မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်နှင့် ဓနုဖြူဒေသများမှ မြေလွတ် မြေရိုင်းနှင့် လယ်ယာမြေများကို လုပ်ပိုင်ခွင့် ချထားပေးခဲ့ခြင်း ဖြစ်သည်။
မအူပင်ခရိုင် သိမ်းဆည်းခံ လယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဟောက်ဆွင်းမန်က “မအူပင်ခရိုင်အတွင်းမှာ မြေလွတ်မြေရိုင်းဧက ၁ သိန်း ၇ သောင်းကျော် ချထားပေးတယ်။ ကျနော်တို့ ယာယီ ကောက်ခံ ရရှိတဲ့ စာရင်းအရ လုပ်ငန်းရှင်တွေ အကောင်အထည်ဖော်တာ ၆ သောင်း ၇ ထောင်ခန့်ပဲရှိပါတယ်။ ကုမ္ပဏီတွေအနေနဲ့ မြေတွေ ရယူထားပြီး မြေပြင်မှာ လက်တွေ့ မလုပ်တာတွေ အကုန်လုံး ပြန်လည် စွန့်လွှတ်ခိုင်းမှာပါ” ဟု ဧရာဝတီကို ပြောသည်။
နေပြည်တော်ရှိ ဗဟို မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေးအဖွဲ့က ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ကောက်ခံခဲ့သည့် စာရင်းများကိုသာ အတည်သတ်မှတ်ပြီး အဆိုပါရက် နောက်ပိုင်း လုပ်ဆောင်သည့်လုပ်ငန်းများ အားလုံးကို တရားမဝင် သတ်မှတ်ရန် ညွန်ကြားထား၍ မြေသိမ်းခံ လယ်သမားများ စိတ်ပူရန် မလိုကြောင်း မအူပင်ခရိုင် လယ်ယာမြေ စီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဌာနဦးစီးမှူးလည်းဖြစ်သူ ဦးဟောက်ဆွင်းမန်ကပြောသည်။
အဆိုပါ မြေများကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက် ၂၀၁၆ နှစ် ကုန်ပိုင်းတွင် ပြန်လည်စိစစ်မှုများ လုပ်ဆောင်ခဲ့ရာ ဧက ၁ သိန်း ၃ ထောင်ကျော်မှာ စီမံကိန်းလုပ်ငန်းများ လုပ်ဆောင် ထားခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
စီမံကိန်းမလုပ်သည့်မြေများ ပြန်လည်သိမ်းဆည်းမည်ဟူသော သတင်းများကြောင့် မအူပင်ခရိုင်အတွင်း မြေယာရယူ ထားသည့် ကုမ္ပဏီများက ယခုလအတွင်း မြေလွတ်မြေရိုင်းများအား တာပတ်ခြင်း၊ ငါးကန်တူးခြင်း လုပ်ငန်းများ ဆောင် ရွက်နေကြကြောင်း ညောင်တုန်းမြို့နယ်၊ လယ်ယာလုပ်သားများအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောသည်။
“ဒီလထဲမှာတင် ကုမ္ပဏီတွေက အရင်တုန်းက ဘာမှမလုပ်ခဲ့တဲ့ မြေတွေကို ဘက်ဟိုးတွေ၊ စက်ကြီးတွေနဲ့ တာတွေပတ် တယ်။ ငါးကန်တွေတူးတာတွေ အားချင်း လုပ်နေကြတယ်။ အစိုးရက တားခိုင်းလို့ မအူပင်ခရိုင် အုပ်ချုပ်ရေးက တားလည်း ခဏပဲ။ ပြီးရင် ပြန်လုပ်တာပဲ။ ဓနုဖြူ ၊ ညောင်တုန်းနယ်စပ်မှာဆိုရင် ကုမ္ပဏီက ဘက်ဟိုး ၈ စီးနဲ့ နေ့ရာညရော တူးနေတာ လယ်သမားတွေ ရာနဲ့ချီ သွားဝိုင်းတော့မှ ရပ်ပေးတာ” ဟု ဦးသန်းဝင်းက ပြောသည်။
မြန်မာနိုင်ငံတဝှမ်းတွင် မြေလွတ်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ မပြဋ္ဌာန်းမီ ကာလအတွင်း ကုမ္ပဏီများ၊ ပုဂ္ဂလိက လုပ်ငန်း ရှင်များနှင့် အဖွဲ့အစည်း ဦးရေ၄၉၂၂ ဦးအတွက် မြေလွတ်မြေရိုင်းဧက ၂ ဒသမ ၂ သန်းကျော် လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ၂၀၁၂ ခုနှစ် မြေလွတ်မြေရိုင်းဥပဒေ ပေါ်ပေါက်ပြီးနောက် ကုမ္ပဏီ၊ ပုဂ္ဂလိကနှင့် အဖွဲ့အစည်း ၄၅၉ ခုအတွက် မြေလွတ်မြေရိုင်း ၉၆၀၀၀ ဧက ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
အစိုးရအနေဖြင့် ကုမ္ပဏီ၊ ပုဂ္ဂလိကနှင့် အဖွဲ့အစည်းပေါင်း ၅၃၈၁ ခုအတွက် မြေဧကပေါင်း ၂ဒသမ ၃၃ သန်းကျော် လုပ် ကိုင်ခွင့် ပြုထားကြောင်း၊ အဆိုပါမြေများအနက် လုပ်ငန်းများ ဆောင်ရွက်ခြင်း မရှိသည့် မြေဧက ၁ ဒသမ ၃ သန်းကျော် ရှိနေကြောင်း စစ်ဆေးတွေ့ရှိရ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီးဦးလှကျော်က ဇူလိုင်လ ၃ ရက်နေ့က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။