ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှ အကြမ်းဖက်မှုများနှင့်ဆက်စပ်သည်ဟု ယူဆရသည့် မသင်္ကာသူ ၃၀ ကျော် အား မကြားသေးခင်က ဖမ်းမိထားကြောင်း သိရသည်။
မသင်္ကာသူများအား မောင်တောမြို့နယ်၊ နယ်မြေ ၆ ရှိ ကျောက်လှေကား ကျေးရွာ၌ ဇူလိုင်လ ၂၂ ရက်နေ့က ဖမ်းမိခြင်း ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ရေး ကော်မတီ က သတင်းထုတ်ပြန်ထားသည်။
ဖမ်းမိထားသူများသည် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ လျှို့ဝှက် အစည်းအဝေးပြုလုပ်မည်ဟု သတင်းများ ရရှိခြင်း ကြောင့် သက်ဆိုင်ရာ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့များက ရှာဖွေမှုများပြုလုပ်စဉ် မသင်္ကာသူ ၃၁ ဦးကို ဖမ်းမိခြင်း ဖြစ်သည်။
ဖမ်းမိထားသူအားလုံးသည် အိမ်ထောင်စု စာရင်း၏ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်ကိုက်ညီမှု မရှိ၍ ဖမ်းဆီး ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း၊ ၎င်းတို့အား ဖမ်းဆီးစဉ် ဆာရာမောက်ဆိုသူက ဓားဖြင့်ခုခံတိုက်ခိုက်ကြောင်း၊ ၎င်းတို့ သည် အကြမ်းဖက်အဖွဲ့များနှင့်ပတ်သက်မှု ရှိမရှိ ဆိုသည်ကို ဥပဒေနှင့်အညီ စစ်ဆေးမေးမြန်းနေဆဲ ဖြစ်ကြောင်း အတိုင် ပင်ခံရုံး သတင်းထုတ်ပြန်ရေး အဖွဲ့ က ဆိုသည်။
အလားတူ အမည်မသိ မျက်နှာဖုံးစွပ် လူ ၁၅ ဦးကိုလည်း ဘူးသီးတောင်မြို့နယ်၌ ဇူလိုင်လ ၂၁ ရက်နေ့က ဖမ်းမိခဲ့ ကြောင်း၊ ၎င်းတို့သည် ဘူးသီးတောင်မြို့နယ်၊ ငရန့်ချောင်း ကျေးရွာမှ အဒူဆူဝမ်း ၅၅ နှစ်အား သတ်ဖြတ်ရာတွင် ပူးပေါင်း ပါဝင်ခဲ့သူများ ဖြစ်ကြောင်း အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်း ထုတ်ပြန် ထားသည်။
မောင်တောမြို့နယ် ဂေါင်ညာကျေးရွာတွင်လည်း မသင်္ကာသူ ၆ ဦးအား ဇူလိုင်လ ၁၆ ရက်နေ့က ဖမ်းမိခဲ့သော်လည်း ၎င်းတို့အား မည်သို့ အရေးယူ ဆောင်ရွက်မည် ဆိုသည်ကို အစိုးရ က တရားဝင် ထုတ်ပြန်မှု မရှိသေးပေ။
၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သည့် နယ်ခြားစောင့် စခန်းဌာနချုပ်နှင့် နယ်ခြားစောင့် တပ်စခန်း များအား အကြမ်းဖက် တိုက်ခိုက်ရာတွင် ပါဝင်သူ ၆ ဦးကိုလည်း ဇူလိုင်လ ၁၅ ရက်နေ့က မောင်တော ဒေသ နယ်မြေ ၅ တွင် ဖမ်းမိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး အဖွဲ့က သတင်းထုတ်ပြန် ထားသည်။
အကြမ်းဖက်အဖွဲ့များနှင့်ဆက်စပ်၍ မသင်္ကာသူများအား မကြာခဏ ဖမ်းမိခြင်းကြောင့် ဒေသခံများကြား စိုးရိမ်မှုများရှိ နေ ကြောင်း၊ ထို့အတူ မောင်တောဒေသ၌ တရားဥပဒေ စိုးမိုးမှု လုံး၀ ကင်းမဲ့နေသည့်အတွက် သက်ဆိုင်ရာ အာဏာ ပိုင် အဖွဲ့များ အနေဖြင့် တရားဥပဒေ စိုးမိုးရေးကို အဓိကထား ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း မောင်တောမြို့ခံ ဦးခင်မောင်သန်း က ဧရာဝတီ ကို ပြောသည်။
၎င်းက “မောင်တောဒေသရဲ့ တရားဥပဒေစိုးမိုးမှုဟာ တဖြည်းဖြည်း ဆုတ်ယုတ်လာနေပါတယ်၊ ဥပမာ ဒေသခံ တိုင်းရင်းသား မဟုတ်တဲ့ ရွာတွေမှာ ဘင်္ဂါလီတွေက သူတို့ဟာသူတို့ အုပ်ချုပ်နေတဲ့အတွက် လူဝင်လူထွက် စစ်ဆေးရ ခက်နေတယ်၊ အဲဒါကြောင့် ဘယ်သူတွေဟာ အကြမ်းဖက်သူဆိုတာ သိရဖို့ခက်ခဲပါတယ်” ဟု ဆိုသည်။
ထို့အပြင် အပြင် မြို့နှင့်ဝေးလံသည့် မောင်တောမြောက်ဖျားပိုင်းမှ တိုင်းရင်းသားကျေးရွာများမှ ဒေသခံများသည် လည်း လုံခြုံရေး စိုးရိမ်မှုကြောင့် မိမိတို့ကျေးရွာများမှ စွန့်ခွာမှုများရှိနေကြောင်း မောင်တော ဒေသခံများ က ဧရာဝတီ ကို ပြော သည်။
မေယုဒေသဖြစ်သည့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စသည့်မြို့နယ်များရှိ ဒေသခံ ရခိုင်လူမျိုးများနှင့် ရခိုင် မျိုး နွယ်စုများ၏ လုံခြုံရေးနှင့်ပတ်သက်၍လည်း မေယုဒေသ လုံခြုံရေး ခေါင်းစဉ်ဖြင့် လူထုအစည်း အဝေးတခုကို မောင်တော မြို့၌ ဇူလိုင်လဆန်းက ကျင်းပခဲ့ပြီး၊ ၎င်းတို့၏ လိုလားချက်များကို တောင်းဆိုခဲ့ကြသေးသည်။
ထို့အတူ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောဒေသရှိ ဒေသခံများ၏ လုံခြုံရေးကို အာမခံချက်ပေးနိုင်မည့် လုံခြုံ ရေး အစီအမံများကို ပြည်နယ် အစိုးရ အနေဖြင့် လက်ရှိထက် ကောင်းမွန်သည့် အစီအမံများ ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုတခုကိုလည်း ရခိုင်ပြည်နယ် လွှတ်တော်၌ ဇူလိုင်လ ၁၁ ရက်နေ့က ကန့်ကွက်သူ မရှိ အတည်ပြုပေးခဲ့သည်။
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၇ ခုနှစ် ဇွန်လအထိ အကြမ်းဖက် သတ်ဖြတ်ခံရသူ အရပ်သား ၄၁ ဦးရှိပြီး၊ ဖမ်းဆီး ခံရမှုကြောင့် ပျောက်ဆုံးနေသူ ၂၃ ဦးရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး က သတင်းထုတ်ပြန်ထားသည်။