အိမ်အကူအား နှိပ်စက်သည့် အိမ်ရှင်လင်မယားကို ကလေးသူငယ်ဥပဒေဖြင့် ထပ်မံ တရားစွဲ
ထွန်းထွန်း၊ ဇူလိုင် ၂၄ ရက်
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အိမ်အကူမိန်းကလေးအား မီးပူဖြင့်ကပ်ကာ နှိပ်စက်ခဲ့သည့် အိမ်ရှင်လင်မယားအား ယနေ့ရုံးချိန်းအပြီးတွင် ကလေးသူငယ်ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် လူမှုဝန်ထမ်း ဦးစီးဌာနက ထပ်မံ တရားစွဲဆိုလိုက်ကြောင်း သိရသည်။
လူမှုဝန်ထမ်းဦးစီးဌာန ကျောင်းအုပ်ကြီး ဒေါ်ခင်ထွေးကြည်က “တရားစွဲဖို့ တင်ပြတာကို ဥပဒေအရာရှိက လက်ခံမယ် ပြောထားတယ်၊ အမှန်အတိုင်းဖြစ်အောင် ဆက်လုပ်မှာပါ။ ဒီနေ့ပဲ ရဲတပ်ဖွ့ဲနဲ့ ပေါင်းပြီး အပြီးတင်ခဲ့ပါတယ်”ဟု ဧရာဝတီ ကို ပြောသည်။
ကလေးသူငယ်ဥပဒေဖြင့် ထပ်မံတရားစွဲဆိုမှုအပေါ် မြို့နယ်မှတဆင့် ခရိုင်တရားသူကြီးထံ ဆက်လက် တင်ပြ မည်ဖြစ်ကြောင်း၊ အမှုကို ဆက်လက်စစ်ဆေးရန် သြဂုတ် ၈ ရက်နေ့သို့ ထပ်မံ ချိန်းဆိုထားကြောင်း သိရသည်။
ယနေ့ရုံးထုတ် စစ်ဆေးရာတွင် အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သည့် ရာအိမ်မှူး ဦးမျိုးတင့်နိုင်အား စစ်ဆေး မေးမြန်းခဲ့ပြီး အိမ်ရှင်များအား စွဲဆိုထားသည့်ပုဒ်မကို ပြောင်းလဲခြင်းမရှိဘဲ အာမခံဆက်လက်ပေး ထားကြောင်း ဦးမျိုးတင့်နိုင်က ပြောသည်။
“အိမ်ရှင်တွေကို အာမခံပေးပြီး ပြန်လွှတ်ပေးထားတာကို ကျနော်တို့အနေနဲ့ သဘောမကျဘူး၊ ဒီအတွက် ကိုယ်တော် ကိုယ်စားလှယ်တွေနဲ့လည်း ညှိနှိုင်းပြီး အမှုအမှန်အတိုင်းဖြစ်ရေး လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ပြောသည်။
ဇွန်လ ၄ ရက်နေ့က ရပ်ကွက်တာဝန်ရှိသူများသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၉၄ ရပ်ကွက်၊ အေ ၆ လမ်း၊ တိုက် ၁၁ ရှိ အခန်း ၄၀၂ သို့ သတင်းပေးချက်အရ ဝင်ရောက်စစ်ဆေးရာ အိမ်ရှင်ထွန်းထွန်းနှင့် ဇနီး မြတ်နိုးသူတို့နှင့်အတူ အပူလောင်ဒဏ်ရာများ ရရှိထားသည့် မခိုင်နှင်းဝေကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ယင်းနောက် တာဝန်ရှိသူများက အိမ်အကူ မိန်းကလေးအား နှိပ်စက်မှုအပေါ် အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၆ ဖြင့် အိမ်ရှင်နှစ်ဦးအား အမှုဖွင့် တိုင်ကြားခဲ့သော်လည်း တလခန့်အကြာ ဇူလိုင် ၃ ရက်နေ့ ရုံးချိန်းတွင် တရားရုံးက အမှုကို အာမခံပေးနိုင်သည့် နာကျင်စေမှု ပုဒ်မ ၃၂၄ သို့ ပြောင်းလဲကာ အာမခံပေးထားခဲ့သည်။
ရဲတပ်ဖွဲ့၏ ဇွန်လ ၅ ရက်နေ့ ထုတ်ပြန်ထားချက်တွင်လည်း အိမ်ရှင်နှစ်ဦးက မီးပူဖြင့်ကပ်ခြင်း၊ ရေနွေးပူဖြင့် လောင်းခြင်း၊ တုတ်ဖြင့်ရိုက်ခြင်းတို့ကြောင့် အိမ်အကူမိန်းကလေး၏ ရင်ဘတ်၊ ကျောကုန်း၊ ဝဲ/ယာ လက် မောင်းနှင့် ပေါင်တို့တွင် အပူလောင်ဒဏ်ရာများအပြင် ဦးခေါင်း၊ ခြေထောက်တို့တွင်လည်း ဖူးရောင်ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
နှိပ်စက်ခံခဲ့ရသည့် အိမ်အကူ မခိုင်နှင်းဝေသည် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ် ဇာတိဖြစ်သည်။
လက်ရှိတွင် ရရှိထားသည့် အပူလောင်ဒဏ်ရာများမှာ သက်သာကောင်းမွန်လာပြီး ရန်ကုန်မြို့ရှိ အမျိုးသမီး သင်တန်းကျောင်းတွင် နေထိုင်ကာ ပဉ္စမတန်း တက်ရောက်နေကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရ သည်။
အိမ်ရှင်နှစ်ဦးအား မူလ ဖွင့်လှစ်ထားသည့် ပုဒ်မ ၃၂၆ မှာ ထောင်ဒဏ် တသက်တကျွန်းအထိ ချမှတ်နိုင်ပြီး လက်ရှိ ပြောင်းလဲ ဖွင့်လှစ်ထားသည့် ပုဒ်မ ၃၂၄ တွင် ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။