ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီ၏ ဇူလိုင်လ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း အရေးကြီး အဆိုတခုကို မနက်ဖြန် ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးရန် ရှိကြောင်း သတင်းရရှိသည်။
ယင်းအဆိုကို ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ အိမ်မဲ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီဝင်လည်း ဖြစ်သူ ဒေါ်သန္တာက တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ဒေါ်သန္တာက “ဒီအဆိုကို ကျမဆန္ဒရှိလို့ တင်တာပါ။ ပါတီရဲ့ တာဝန်ပေးချက်လည်း မဟုတ်ပါဘူး။ ကျမအနေနဲ့ မြန်မာနိုင်ငံ မှာ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ မရှိဘူးလို့ မငြင်းပါဘူး။ ဒါပေမယ့် ရခိုင်ပြည်နယ် ကိစ္စ တင်ပြသွားတာ မပြည့်စုံ တာကို High Light လုပ်ချင်တာ။ ဒါကို ရှင်းစေချင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆို တင်ရခြင်း၏ ရည်ရွယ်ချက်မှာ အစိုးရက ဆောင်ရွက်နေသော အမျိုးသား ရင်ကြားစေ့ရေးကို မျက်ကွယ်ပြုခြင်း၊ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို လျစ်လျူရှုထားခြင်းနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပကတိအခြေအနေများကို ထည့်သွင်းဖော်ပြထားမှု မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
“အောက်တိုဘာမှာ ကျင်းပပြုလုပ်မယ့် ကုလသမဂ္ဂမှာ တင်သွင်းမယ့် အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာ တရားမျှတမှု တွေ နည်းတာကို တွေ့ရပါလိမ့်မယ်။ ဘက်လိုက်မှု မကင်းတဲ့ အစီရင်ခံစာ ဖြစ်သွားရင်၊ အဲဒီအစီရင်ခံစာပါ အကြောင်းအရာ တွေကြောင့် ဆွေးနွေး ဆုံးဖြတ်ကြရင် မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ပြင်းထန်စွာ ကန့်ကွက်ရ ကြောင်း အရေးကြီး အဆို ကို တင်သွင်းရခြင်း ဖြစ်ပါတယ်”ဟု ဒေါ်သန္တာက ရှင်းပြသည်။
NLD အစိုးရသည် လူ့အခွင့်အရေးကာကွယ်မြှင့်တင်နိုင်မည့် နည်းလမ်းများကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းမှ ဥပဒေနဲ့အညီ ကြိုးစား လုပ်ဆောင်နေပြီး လွှတ်တော်တွင်းမှလည်း ပုဂ္ဂိုလ် ဆိုင်ရာ လွတ်လပ်မှု နှင့် လုံခြုံမှု ကဲ့သို့သော ဥပဒေများ အတည်ပြုခဲ့ကြောင်း၊ လူ့အခွင့်အရေးနှင့် နိုင်ငံသားများ၏ မူလ အခွင့် အရေးများကို ကာကွယ်နိုင်ရေးတို့ကို ဆောင်ရွက်ခဲ့ကြောင်း အဆိုတင်သွင်းမည့် ကိုယ်စားလှယ် ဒေါ်သန္တာက လွှတ်တော်တွင် ပြောဆိုခဲ့သည်။
ဒေါ်သန္တာ၏ အဆိုကို ထောက်ခံ ဆွေးနွေးသူ ပြည်ကြီးတံခွန် အမတ် ဦးကျော်စိုးလင်းကလည်း အထူးစီရင်ခံစာ တင်သွင်းသူ၏ ထုတ်ပြန်ချက်တွင် ၁၀ စုနှစ် များစွာ ကြုံတွေ့ရသော ပြည်တွင်းပဋိပက္ခ၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျမှုကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို ဖြေရှင်းရာတွင် အစိုးရ၏ အခက်အခဲများကိုလည်း ထည့်သွင်းဖော်ပြခြင်း မရှိဘဲ ယေဘုယျဆန်သော စွပ်စွဲချက်များနှင့် မှားယွင်းသော အချက်အလက်များကို ဖော်ပြကြောင်း သုံးသပ်ပြောဆိုသည်။
ဇူလိုင်လ ၂၁ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် မစ္စယန်ဟီလီ၏ သတင်းစာ ရှင်းလင်းပွဲတွင်လည်း ၎င်း၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ယခင် အစိုးရ အသုံးပြုခဲ့သည့် နည်းဗျူဟာမျိုးကို အစိုးရသစ်က ဆက်လက် အသုံးပြုနေ၍ စိတ်ပျက်မိကြောင်း ပြောဆိုခဲ့သလို ထိုပြောဆိုချက်ကိုလည်း စိတ်ပျက်မိကြောင်း မြန်မာအစိုးရကလည်း တုန့်ပြန် သတင်း ထုတ်ပြန်ခဲ့သည်။
မစ္စယန်ဟီလီ၏ တတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ၎င်းသွားလိုသည့် နေရာများ အားလုံးသို့ သွားလာခွင့့် မရရှိခဲ့သော်လည်း ရန်ကုန်နှင့် နေပြည်တော် အပါအဝင် ရခိုင်၊ ကရင်နှင့် ရှမ်းပြည်နယ်များသို့ သွားရောက်ခွင့် ရရှိခဲ့သည်ဟု သိရသည်။