ကချင်စစ်ဘေးရှောင် ဒုက္ခသည်များကို ပြန်လည်နေရာချထားရေး၊ စစ်ရှောင်ကလေးငယ်များ ကျောင်းတက်နိုင်ရေး အတွက် ပူးပေါင်းကူညီရန် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ခေါင်းဆောင်များ ယနေ့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် KBC အတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်က “IDPs နဲ့ ပတ်သက်ပြီး ကျနော်တို့ KIO အစိုးရနဲ့ NLD အစိုးရပူးပေါင်းပြီး Pilot Project တွေ စစ်မဖြစ်နိုင်တဲ့နေရာမှာ ဒုက္ခသည် နေရာချထားတဲ့ အစီအစဉ်လုပ်ရင် အကောင်းဆုံး ဖြေရှင်းနည်းပဲဆိုတဲ့ကိစ္စ၊ IDPs ကျောင်းသားတွေမြို့မှာ ကျောင်းတက်နိုင်ရေးကိစ္စ၊ အထောက်အပံ့ပစ္စည်းတွေကို အဟန့်အတားမရှိ သယ်ယူနိုင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်”ဟု ဧရာဝတီကို ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံနှင့် KBC ခေါင်းဆောင်များ တွေ့ဆုံပွဲကို နေပြည်တော်ရှိ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်း ဗဟိုဌာန(NRPC) တွင် မနက် ၁၀ နာရီမှ ၁၁ နာရီခွဲ အထိ ပြုလုပ်ခဲ့ကြောင်း ဒေါက်တာခလမ်ဆမ်ဆွန်က ဆက်ပြောသည်။
ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်မှ ယနေ့အထိ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ဒုက္ခသည် ၁ သိန်းကျော် ရှိနေသည်။
စစ်ဘေးရှောင် ဒုက္ခသည် ၁ သိန်းကျော်အနက် လူဦးရေ ၅ သောင်းဝန်းကျင်မှာ KIA ထိန်းချုပ်နယ်မြေတွင် KIA အထောက်အပံ့ဖြင့် ဒုက္ခသည်စခန်းများ ဖွင့်လှစ်နေထိုင်လျက် ရှိသည်။
စစ်ဘေးရှောင်စခန်း အများစုမှာ ဘာသာရေးအဆောက်အအုံများဖြစ်သည့် ဘုရားကျောင်းဝင်းများ အတွင်းတွင် ဖွင့်လှစ်ထားသဖြင့် KBC က ကချင်စစ်ရှောင်များကို စားဝတ်နေရေးတွင် အဓိကကူညီထောက်ပံ့နေသည့် ဘာသာရေး အဖွဲ့အစည်းတခုလည်း ဖြစ်သည်။
ယနေ့တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်က ကချင်စစ်ဘေးရှောင် ဒုက္ခသည်များကို အစိုးရအဖွဲ့ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကတဆင့် ကူညီရာတွင် KBC နှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဟု ပြောဆိုကြောင်း ဒေါက်တာခလမ်ဆမ်ဆွန်က ဆိုသည်။
“အထူးသဖြင့် KIO ထိန်းချုပ်နယ်မြေကကျောင်းသားတွေ မြို့မှာ ကျောင်းတက်ရေးကိစ္စတွေကို ဆွေးနွေးဖြစ်တယ်။ သဘောတူညီချက်တွေအပါ် ကျနော်တို့ KBC က ပါဝင်ရမယ့်လုပ်ငန်းတွေ အများကြီးရှိတယ်” ဟု ၎င်း ပြောသည်။
တွေ့ဆုံပွဲတွင် ဒုက္ခသည်အရေးအပြင် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရရှိရန် အဟန့်အတားဖြစ်စေသည့် အကြောင်းများနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်နိုင်ရေးတို့ကို ဒေါ်အောင်ဆန်းစုကြည်နှင့် KBC ခေါင်းဆောင်များက ဆွေးနွေးကြသည်ဟု ဆိုသည်။
ကချင်ပြည်နယ်အတွင်း နယ်ခြားစောင့်တပ် ထိန်းချုပ်နယ်မြေများတွင် မူးယစ်ဆေးထုတ်လုပ်နေကြောင်းကို KBC က တင်ပြရာ ဒေါ်အောင်ဆန်းစုကြည်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်၍ အစိုးရက ဥပဒေသစ်တခု ပြဌာန်းရန် ကြိုးစားနေပြီး ဥပဒေပြဌာန်းပြီးပါက ကချင်ပြည်နယ်တွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ထိထိရောက်ရောက် လုပ်ဆောင်ရန် အစီအစဉ်ရှိပြီး၊ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။
ငြိမ်းချမ်းရေးကဏ္ဍကို ဆွေးနွေးရာတွင် တပ်မတော်က ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်နေမှုများကို ရပ်တန့်သွားလျှင် တိုက်ပွဲများ ချုပ်ငြိမ်းသွားမည်ဖြစ်ကြောင်း၊ ထိုးစစ်ကိစ္စကို အစိုးရက လေးလေးနက်နက်တာဝန်ယူ ပေးစေလိုကြောင်း KBC က ပြောဆိုရာတွင် အစိုးရဘက်က တပ်မတော်နှင့်ပတ်သက်၍ တိုက်ရိုက်ချုပ်ကိုင်နိုင်သည့် အခြေအနေမရှိကြောင်း၊ အစိုးရနှင့် တပ်မတော်အကြားတွင် ဥပဒေအရသာ ဆက်သွယ်ဆောင်ရွက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေဆိုသည်ဟု ဒေါက်တာခလမ်ဆမ်ဆွန်က ပြန်ပြောသည်။
ယနေ့ KBC နှင့် တွေ့ဆုံရာတွင် ကချင်ပြည်နယ်ငြိမ်းချမ်းရေး တည်ဆောက်ရာ၌ အခက်အခဲဖြစ်စေသည့် အခြေအနေများ၊ ငြိမ်းချမ်းရေးဆိုင်ရာ အကြံပြုချက်များကို KBC က ရှင်းလင်းတင်ပြသည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။
ဆွေးနွေးပွဲတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေးကို ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ထိုသတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဆွေးနွေးမှုအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က “တွေ့ဆုံနိုင်မှုကနေ ကောင်းတဲ့ရလဒ်တွေကို ရရှိနိုင်ပါတယ်။ ဆက်လက်တွေ့ဆုံဖို့ လိုတယ်” ဟု KBC ကို ပြောဆိုလိုက်သည်ဟု ဒေါက်တာခလမ်ဆမ်ဆွန်က ပြောပြသည်။
KBC က ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်ပေးပါဟု ဒေါ်အောင်ဆန်းစုကြည်ကို ပြောဆိုခဲ့ကြောင်း ၎င်းက ပြောသည်။
KBC က ယခုဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရအဖွဲ့နှင့် သီးသန့်တွေ့ဆုံပြီး ကချင်ပြည်နယ်အရေး ဆွေးနွေးရသဖြင့် အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ဆောင်မှုများကို သိရှိရကြောင်း၊ အစိုးရအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကြီးမားသည့် ဖြတ်ကျော်မှုလုပ်ရမည့်ကိစ္စများ များပြားနေသည်ကိုလည်း တွေ့ရကြောင်းနှင့် ယခုတွေ့ဆုံမှုမှ တိုးတက်မှုရှိကြောင်း ပြောဆိုသည်။
ယနေ့ဆွေးနွေးပွဲတွင် အစိုးရဘက်မှ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ သမ္မတရုံး ဒုတိယဝန်ကြီး ဦးမင်းသူ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ ပါဝင်ကြသည်။
KBC ဘက်မှ ဥက္ကဌ ဦးလလောက်ဂျုံးခေါန်နှင့် ဒေါက်တာခလမ်ဆမ်ဆွန်တို့ ဦးစီးပြီး အဖွဲ့ဝင်စုစုပေါင်း ၁၂ ဦး တက်ရောက်ခဲ့ကြသည်။
ယနေ့တွေ့ဆုံဆွေးနွေးပွဲသည် နိုင်ငံတော်အတိုင်ပင်ခံနှင့် KBC အကြား ပထမဆုံးအကြိမ် သီးသန့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပြီး ကချင်စစ်ဘေးရှောင်များအတွက် အကျိုးရှိသည်များ ဆွေးနွေးမှုဖြစ်ခဲ့သည်ဟု KBC က ပြောဆိုသည်။