ပြင်းထန်သော လူတုပ်ကွေးရောဂါ တမျိုးဖြစ်သည့် H1N1 ဖြစ်ပွားသည့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးရှိ လူနာ၂ ဦးနှင့် အထွေ ထွေရောဂါကု ဆေးရုံသစ်ကြီးရှိ လူနာ ၁ ဦး၏ လက်ရှိအခြေအနေသည် စိုးရိမ်နေရဆဲ ဖြစ်ပြီး စောင့်ကြည့်နေရသေး ကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကို က ပြောသည်။
အများပြည်သူ စိုးရိမ်နေသည့် ရာသီတုပ်ကွေး (Seasonal Flu, A/H1N1 2009) ရောဂါ နှင့်ပတ်သက်ပြီး ဇူလိုင် ၂၄ ရက် က ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးတွင် တာဝန်ရှိသူများက ရှင်းလင်းပွဲပြုလုပ်ရာတွင် အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။
“နောက်ဆုံး အခြေအနေကတော့ လုံးဝကြီး စိတ်ချသွားရပြီ ဒီလူမသေတော့ဘူးလို့ ပြောနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။ ဒါကတော့ စောင့်ကြပ် ကြည့်ရူကုသဆဲ ဖြစ်ပါတယ်”ဟု ရန်ကုန် ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက ပြောသည်။
ရာသီတုပ်ကွေး (Seasonal Flu, A/H1N1 2009) ရောဂါ Positive ဖြစ်နေသည့် လူနာ ၃ ဦးသည် အသက် ၂၀ မှ ၃၀ ကြား ဖြစ်ကြသည်။
ထိုလူနာ ၃ ဦးမှ ပထမ လူနာဖြစ်သည့် ဧရာဝတီတိုင်း ဒေသကြီး အသုတ် မြို့နယ်မှ ဖြစ်ပြီး ဇူလိုင်လ ၆ ရက်နေ့က စကာ ဖျားနာခြင်း၊ နှာစေး၊ ချောင်းဆိုးခြင်းများ ဖြစ်ခဲ့၍ ပုသိမ်ဆေးရုံကြီးမှ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသမှု ခံယူခဲ့ရ ကြောင်း သိရသည်။
ဒုတိယ လူနာသည် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှ ဖြစ်ပြီး ဇူလိုင်လ ၈ ရက်နေ့မှစ၍ ဖျားနာခြင်း၊ နှာစေး၊ ချောင်းဆိုးခြင်းဖြစ်ခဲ့ကာ ၅ ရက်မြောက် နေ့တွင် ရန်ကုန်ဆေးရုံကြီး၌ ကုသမှု ခံယူခဲ့ရသည်။
ရန်ကုန် အထွေထွေကု ဆေးရုံသစ်ကြီးတွင် ကုသမှုခံယူနေသည့် တတိယမြောက် ၁ ဦးသည် နေပြည်တော်၊ ရေဆင်း မွေးမြူရေး တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူဖြစ်ပြီး ဇူလိုင်လ ၈ ရက်နေ့ကစ ဖျားနာခြင်း၊ နှာစေး၊ ချောင်းဆိုးခြင်း ဖြစ်ခဲ့ကာ ရန်ကုန် အထွေထွေကု ဆေးရုံသစ်ကြီးတွင် ကုသမှု ခံယူခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ် မတူပီမြို့တွင်လည်း ဇူလိုင်လဆန်းပိုင်းက စတင်၍ ဖျားနာသည့် လူနာ ၆၀ တွင် ၁၀ ဦးမှာ H1N1 ဖြစ်ပွားသူ ဖြစ်ပြီး ၁ ဦး သေဆုံးသွားကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင် က ပြော သည်။
“အခုဟာက ဝက်တုပ်ကွေးလည်း မဟုတ်ဘူး၊ ကြက်တုပ်ကွေးလည်း မဟုတ်ပါဘူး။ လူမှာဖြစ်တဲ့ ရာသီ တုပ်ကွေး ပြင်းထန် တဲ့ အမျိုးအစားသာ ဖြစ်ပါတယ်။ စောစောစီးစီး ကုသမယ်၊ ကာကွယ်မယ်ဆိုရင် စိုးရိမ်စရာ မရှိပါဘူး။ ပြင်းထန်တော့ ပြင်းထန်ပါတယ်။ ဒီ တုပ်ကွေးက ဦးစားပေးဆောင်ရွက်ရမှာက ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ အသေ အပျောက် ရှိနိုင်ပါတယ်”ဟု ဒေါက်တာ သန်းထွန်းအောင်က ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
ယနေ့ နံနက် ၁၀ နာရီ နေပြည်တော်ရှိ ကျန်းမာရေး ဝန်ကြီးဌာနတွင် ဝန်ကြီး ဒေါက်တာ မြင့်ထွေး ဦးဆောင်ပြီး ကုသရေး ဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကလေး သမားတော်ကြီးများ၊ ဓာတ်ခွဲဆရာဝန်များ၊ ကူးစက် ရောဂါ တိုက်ဖျက်ရေး ဌာနမှ ဆရာဝန်များ ပူးပေါင်း၍ လက်ရှိ H1N1 ကူးစက်ရောဂါ အခြေအနေနှင့် ပတ်သက်၍ ရေတို၊ ရေရှည် ဆောင်ရွက်သင့်သည်များကို ဆွေးနွေးခဲ့သည်ဟု သိရသည်။
“ကျန်းမာရေး ဝန်ထမ်းများ လိုက်နာရမယ့် စည်းကမ်းချက်တွေ၊ ဆောင်ရန် ရှောင်ရန်တွေကို ထုတ်ပြန်ပါမယ်။ ဆေးရုံတွေ မှာ ကြိုတင် ကာကွယ်ရေး၊ ထိန်းသိမ်းရေး လုပ်ငန်းတွေ ဘယ်လို ဆောင်ရွက်မရလဲဆိုတာ ထုတ်ပြန်ပါ့မယ်။ ပညာပေး စာရွက်စာတမ်းတွေကို မြန်မာ့အသံ ရေဒီယိုတို့မှာ ထုတ်ပြန်ဖို့ ဆုံးဖြတ်ထားပါတယ်”ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့ သည့် ကျန်းမာရေး အရာရှိတဦးက ပြောသည်။
ယခု ရောဂါကို H1N1 ဟု အတည်ပြုနိုင်ပြီး မြန်မာနိုင်ငံအနေနဲ့ ၂၀၀၉ ခုနှစ်တွင် ၁၆ ဦး၊ ၂၀၁၀ တွင် ၂၃၂ ဦး၊ ၂၀၁၁ တွင် အချက် အလက် မရဘဲ ၂၀၁၂ တွင် ၂၉ ဦး၊ ၂၀၁၃ တွင် ၁၆၉ ဦးနှင့် ၂၀၁၅ တွင် ၃ ဦးနှင့် ၂၀၁၆ တွင် ၉ ဦး ဖြစ်ပွားခဲ့ ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ စုံစမ်း သိရသည်။
“ဒီရောဂါကို ကမ္ဘာ့လူတုပ်ကွေးလို့ ခေါ်ပါတယ်။ ဒီကပ်ရောဂါကြီးက ၂၀၀၉ ခုနှစ်မှာ ဖြစ်ခဲ့ပြီးတော့ ကျနော်တို့ မြန်မာ နိုင်ငံမှာ အမြစ်တွယ် ပြန့်ပွားနေတာပါ။ အခု ရာသီဥတုကလည်း မိုးကလည်း ဆက်တိုက် ရွာတယ်၊ စိုထိုင်းတယ်၊ လူတွေ ကလည်း လူအုပ်စုတွေများတော့ တစ်ဦးနဲ့ တစ်ဦး ကူးစက်တာ မြန်ပါတယ်။ ပြင်းထန်သော်လည်းပဲ အသေအပျောက် ကတော့ အနည်းအကျဉ်းပဲ ရှိပါတယ်”ဟု ကူးစက်ရောဂါနှင့် သဘာဝ ဘေးဒဏ်ဆိုင်ရာ တာဝန်ခံလည်း ဖြစ်သူ ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။
H1N1 ကူးစက်ရောဂါ ကာကွယ်ဆေး ယခုအချိန်ထိ မရှိသေးဘဲ ၂၀၀၉ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည့် ကာကွယ် ဆေးမှာ လည်း စိတ်ချရသည့် အနေအထား မရှိ၍ ကျန်းမာရေး ဝန်ကြီးဌာနက အသုံးမပြုခဲ့ကြောင်း၊ ယခုလည်းပဲ ဆေးဝါး မပါသော ကြိုတင် ကာကွယ်မှု များကို ဦးစားပေး လုပ်ဆောင်နေကြောင်း သိရသည်။
ဒေါက်တာ သန်းထွန်းအောင်က “ဖြစ်လာတဲ့အခါမှာ ပြင်ပဆေးခန်းတွေ သွားကြတော့ ပြင်ပဆေးခန်းတွေကလည်း ဖြစ်နိုင် မယ်ဆိုရင် သတင်းပို့ဖို့ လိုပါတယ်။ ဒီတုပ်ကွေးက ကျနော်တို့က လိုအပ်ရင် ဓာတ်မှန် ရိုက်ရတာတွေ ရှိပါတယ်။ သွေးကို စစ်ရတယ်၊ နောက်ထွက်လာတဲ့ ချွဲသလိပ်တွေကို စစ်ကြည့်ပြီး နမိုးနီးယား ပိုးမွှားအကောင်ရေအပေါ် မူတည်ပြီးတော့ ဆေးကို ပေးရပါတယ်”ဟု ပြောသည်။
ထို့ကြောင့် ပြည်သူများက မိုးမမိရန်၊ အအေးမမိရန်၊ လူသိပ်များသည့် လူစုလူဝေးထဲသို့ ရှောင်ရှားရန်၊ နှာမွှန်ပါကလည်း လက်ကိုင်ပုဝါ သုံးရန်၊ မက်စ် တပ်ရန်၊ လက်ကို မကြာခဏ ဆေးကြောရန်နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ချက် များကို သတိပြုရန် လိုအပ်ကြောင်း နေပြည်တော်မှ ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောဆိုသည်။
ထက်နိုင်ဇော် ပူးပေါင်း ရေးသားသည်။