တနိုင်ငံလုံးရှိ မဘသဆိုင်းဘုတ်များ ဖျက်သိမ်းနိုင်ရန် နိုင်ငံတော်သံဃမဟာနာယက (မဟန) အဖွဲ့က ညွှန်ကြားထားသော်လည်း မပျက်မကွက် အကောင်အထည်ဖော်ပေးရမည့်တာဝန်မှာ အုပ်ချုပ်ရေးအဖွဲ့များဖြစ်ကြောင်း ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။
“နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နဲ့ အဖွဲ့အစည်းအဆင့်ဆင့်ကနေပြီး ချမှတ်ပြဌာန်းလိုက်တဲ့ ဆုံးဖြတ်ချက်အမိန့်၊ ညွှန်ကြားချက်၊ ညွှန်ကြားလွှာတွေကို ဒေသအလိုက် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ ပြည်နယ်နှင့်တိုင်း အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကနေ အကောင်အထည်ဖော်ရတာ ရှိတယ်” ဟု ဝန်ကြီးသူရဦးအောင်ကိုက ယနေ့ ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောသည်။
မဟနအဖွဲ့သည် နိုင်ငံတွင် ဘာသာရေးအရ ဦးဆောင်အဖွဲ့ကြီးတခုဖြစ်၍ ထိုအဖွဲ့၏ ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များက မပျက်မကွက်ဖော်ဆောင်ပေးရန် တာဝန်ရှိကြောင်း၊ မဘသဆိုင်းဘုတ်ကိစ္စ အကြောင်းပြု၍ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားလာမည်ကို အစိုးရကမလိုလားသော်လည်း မန္တလေးနှင့် ဘားအံမြို့တို့တွင် မဘသဆိုင်းဘုတ်များ ဖြုတ်ချရေး ငြင်းဆန်မှုများနှင့် ရင်ဆိုင်နေရကြောင်း ဝန်ကြီးက ဆက်ပြောသည်။
“ဒါကို သူတို့တာဝန်ရှိသူတွေက တာဝန်သိသိနဲ့ ဖြုတ်ချတဲ့အခြေအနေမျိုး ဖြစ်လာအောင် ညှိနှိုင်းမှာပါ။ အချိန်စောင့်ဆိုင်းမှာ ဖြစ်ပါတယ်။ အဲဒီဆိုင်းဘုတ်လေး ၂ ခုရှိလို့လည်း မဘသအဖွဲ့ကြီးက ပြန်လည်ရှင်သန်လာမှာ မဟုတ်ဘူး”ဟု ဝန်ကြီးသူရ ဦးအောင်ကိုက ဆိုသည်။
မဟနဥက္ကဌ ဗန်းမော်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အပါအဝင် ဦးဆောင်ဆရာတော်များနှင့် မန္တလေးတိုင်း မဘသအဖွဲ့တို့ ဇူလိုင် ၂၂ ရက်က မန္တလေးမြို့တွင် အလွတ်သဘောတွေ့ဆုံရာ၌ “မဘသ” အမည်အစား အခြားအမည်ပြောင်းလဲရန် တိုက်တွန်းမှုရှိသော်လည်း မဘသဆိုင်းဘုတ်များ ဖြုတ်ချရေးကိုမူ ဖိအားပေးခြင်း မရှိကြောင်း မန္တလေးတိုင်းမဘသအဖွဲ့မှ အရှင်ယသက ဧရာဝတီကို မိန့်သည်။
အရှင်ယသက“ တွေ့ဆုံခဲ့တာမှာကောင်းကျိုးတွေ ရခဲ့ပါတယ်။ ဒါပေမယ့် မဟနနဲ့ မဘသကြားမှာ ခလောက်ဆန်နေတဲ့သူတွေ ရှိနေတာတွေ့ခဲ့ရတယ်။ သူ (ဗန်းမော်ဆရာတော်) ကိုယ်တိုင်ပင် နိုင်ငံတကာရဲ့ ဖိအားကြောင့် မဘသဆိုင်းဘုတ်တွေ ဖြုတ်ဖို့ တိုက်တွန်းခဲ့တာလို့ ပြောခဲ့တာလည်းရှိတယ်”ဟု ဆက်မိန့်သည်။
မန္တလေးတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် မဘသဆိုင်းဘုတ်များ ဖြုတ်သိမ်းခြင်းမရှိသေးလဲ မဘသအမည်ဖြင့် ဆက်လက်ရပ်တည်ခွင့်ရရေးကို မဟနဆရာတော်များထံ ထပ်မံဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
ထိုကိစ္စရပ်များကို အကောင်အထည်ဖော်ရမည့် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ထိန်းချုပ်မှုအောက်ရှိ ဌာနတခု ဖြစ်သည်။
ထွန်းထွန်း ပူးတွဲရေးသားသည်