မြန်မာနိုင်ငံတွင် ရောဂါရှိသူမှတဆင့် တိုက်ရိုက်ကူးစက်နိုင်သည့် ကူးစက်မြန်ရောဂါ ရာသီတုပ်ကွေးရောဂါ A(H1N1) ဖြစ်ပွားနေသဖြင့် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သတင်းပေးပို့ ကုသရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းသည်။
ရာသီတုပ်ကွေးရောဂါ (Seasonal Flu, A/H1N1 2009) သည် ရောဂါရှိသူကို တိုက်ရိုက်ထိတွေ့ခြင်းဖြင့် လည်းကောင်း ၊ ရောဂါရှိသူ၏ အသက်ရှူလမ်းကြောင်းမှ တဆင့် လေထဲတွင် ပျံ့နှံ့ပြီး ရှူရိူက်မိခြင်းဖြင့်လည်းကောင်း ကူးစက်တတ် ကြောင်း ဆရာဝန်ကြီးများက ရှင်းပြသည်။
ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက “စိုးရိမ်တော့ အန္တရာယ်ကင်းတာပေါ့။ စိုးရိမ် လာတာနဲ့အမျှ လူတွေက ကိုယ့်ဘာသာ ဆင်ခြင်လာမယ်၊ ကိုယ့်ဘာသာ ကာကွယ်ဖို့နည်းလမ်းတွေ ရှာကြံလာမယ်။ လူနာ တွေ ကိုယ့်ဘာသာ ကျန်းမာရေး အသိတရား နိုးကြားနေတာကတော့ အင်မတန် ဝမ်းသာစရာပါ” ဟု ပြောသည်။
အဆိုပါ ရာသီပေါ် တုပ်ကွေးရောဂါသည် နှစ်စဉ် ဖြစ်ပွားလေ့ရှိသော်လည်း ၂၀၀၉ ခုနှစ်က ကမ္ဘာ့ကပ်ရောဂါ အသွင် ဆောင်ခဲ့ဖူးပြီး တားဆီး ထိန်းချုပ် ကုသနိုင်သည့် ကူးစက်ရောဂါတမျိုး ဖြစ်ကြောင်း ၎င်းက ပြောသည်။
အများပြည်သူ စိုးရိမ်နေသည့် ရာသီတုပ်ကွေး (Seasonal Flu, A/H1N1 2009) ရောဂါ နှင့်ပတ်သက်ပြီး ဇူလိုင် ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး၌ တာဝန်ရှိသူများ ရှင်းလင်းပွဲပြုလုပ်ရာတွင် အထက် ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုရောဂါဖြစ်ပွားသူမှာ ရန်ကုန်မြို့တွင် ၃ ဦး၊ ချင်းပြည် နယ် မတူပီမြို့တွင် ၁၀ ဦး ရှိနေပြီး ချင်းပြည်နယ်မှ တဦးမှာ သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံသာမက အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ထိုင်း၊ မော်လ်ဒိုက်၊ သီရိလင်္ကာနိုင်ငံတို့တွင်လည်း များစွာ ဖြစ်ပွားနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ သာထွန်းကျော်က ပြောသည်။
ဖြစ်ပွားလေ့ရှိသည့် ရောဂါဖြစ်သော်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော ရောဂါကြိုတင်ကာကွယ်ရေး နှိုး ဆော်ချက်များကို ပြည်သူများ လိုက်နာဆောင်ရွက်မှ ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
“လူထူထပ်တဲ့ နေရာကို ရှောင်ရပါမယ်။ လှေကားလက်ရမ်းတွေ၊ အိမ်တံခါးလက်ကိုင်တွေ၊ လူအထိအတွေ့များတဲ့ ဓာတ်လှေကားခလုတ်၊ ဘတ်စ်ကားလိုင်းတွေ၊ မြို့ပတ်ရထားတွေမှာ ကိုင်စီးတဲ့ လက်ကိုင်တွေကနေ ကူးဖို့ အခြေအနေ ရှိတယ်။ ဒါကြောင့် တကိုယ်ရေသန့်ရှင်းရေးက အရေးကြီးတယ်။ ကိုယ်ခံအားနည်းသူတွေမှာ ပိုမို ကူးစက်နိုင်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်က ပြောသည်။
တုပ်ကွေးရောဂါပိုး (Seasonal Influenza A(H1N1) 2009) အပါအဝင် ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုသည် တကမ္ဘာလုံး လူဦးရေ၏ ၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ နှစ်စဉ်ဖြစ်ပွားနေပြီး ၁ ရာခိုင်နှုန်းအောက်သာ သေဆုံးကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။
လက်ရှိ ရာသီတုပ်ကွေးဖြစ်ပွားနေမှုများနှင့် ပတ်သက်၍ တုပ်ကွေးဆန်သောရောဂါလက္ခဏာများ(Influenza Like Illness – ILI) ဖြစ်ပွားမှု ၊ ပြင်းထန်အဆုတ်ရောင် (Severe Acute Respiratory Infection – SARI) ဖြစ်ပွားမှု စသည်တို့အား စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ရောဂါဖြစ်ပွားကူးစက်မှုမှ ကာကွယ်နိုင်ရန် ကျန်းမာရေးပညာပေး လုပ်ငန်းများကို ဆေးရုံကြီး များ၊ မြို့နယ်အဆင့်နှင့် ပြည်သူလူထုအတွင်း ပိုမိုတိုးမြှင့်ဆောင်ရွက်လျှက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ပြည်သူလူထုများ သတင်းအမှန်ရရှိရေးနှင့် ကြောက်လန့်မှု မရှိစေရေးတို့အတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက် ထားရှိမှုများကို အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ရောဂါ ကုသမှု၊ တုံ့ပြန်ဆောင်ရွက်မှု၊ ကြိုတင် ကာကွယ်မှုတို့နှင့် ပတ်သက်၍ ကျန်းမာရေးဝန်ထမ်းများအတွက် လမ်းညွှန်ချက်များ ထုတ်ပြန်ပြီးဖြစ်ကြောင်း သိရသည်။