ရာသီတုပ်ကွေးရောဂါ (Seasonal Flu, A/H1N1 2009)ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးနှင့် အမျိုးသား တဦး တို့သည် ဇူလိုင်လ ၂၄ ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ သေဆုံးသွားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ဧရာဝတီသို့ အတည်ပြု ပြောသည်။
“မနေ့ကရောက်လာတဲ့ လူနာ ၂ယောက်ပါ။ တယောက်က ကိုယ်ဝန်ဆောင် အမျိုးသမီးပါ။ တယောက်ကတော့ ပဲခူးကပါ အသက်၃၀ ပတ်ဝန်းကျင်တွေထဲကပါ။ အမျိုးသမီးတယောက် အမျိုးသားတယောက်ပါ။ ကလေးပါဆုံးတဲ့ သဘောရှိပါ တယ်။ မနေ့က မွန်းလွဲပိုင်း ၃နာရီဝန်းကျင်လောက်ကပါ။ သေပြီးတော့ စစ်လိုက်တော့ Positive တွေ့တာပါ” ဒေါက်တာ အေးကိုကိုက ဧရာဝတီသို့ ပြောသည်။
သေဆုံးသူ ၂ ဦးအနက် အမျိုးသားမှာ ပဲခူးတိုင်းဒေသကြီးမှ ဖြစ်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး၏ နေရပ်ဒေသကို ယခု မပြောနိုင်သေးကြောင်း ဒေါက်တာ အေးကိုကိုက ပြောသည်။
ယခုသေဆုံးသွားသည့် လူနာ၂ ဦးမှာ ဆေးရုံသို့ ဇူလိုင် ၂၄ ရက်နေ့မှ ထပ်မံရောက်ရှိလာသည့် လူနာများဖြစ်ပြီး ယခင်က ကုသမှုခံယူနေဆဲ လူနာ ၃ ဦးထဲမှ မဟုတ်ကြောင်း သိရသည်။
ရာသီတုပ်ကွေး (Seasonal Flu, A/H1N1 2009) ရောဂါ Positive ဖြစ်နေသည့် ယခင်လူနာ ၃ ဦးမှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ၂ဦး၊ အထွေထွေရောဂါကု ဆေးရုံသစ်ကြီးတွင် ၁ ဦး ကုသမှုခံယူနေရပြီး အခြေအနေစောင့်ကြည့်နေရဆဲ ဖြစ်ကြောင်း သိရသည်။
အဆိုပါလူနာ ၃ ဦးသည် ဧရာဝတီတိုင်း ဒေသကြီး အသုတ်မြို့နယ်မှ တဦး ၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှ တဦးနှင့် နေပြည်တော်မှ တဦးဖြစ်ကြောင်း သိရသည်။