သတင်း

နားကပ်ချွတ်လုရာမှ မူလတန်းကျောင်းသူကို သတ်မိကြောင်း တရားခံဝန်ခံ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ဘီးလင်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းမှ အသက် ၇ နှစ်အရွယ် မူလတန်းကျောင်းသူအသတ်ခံရမှုတွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးလျှက်ရှိသည့် ဘီးလင်း ကျေးရွာသား အသက် ၃၈ နှစ်အရွယ် မျိုးဇော် ဆိုသူက ၎င်းသတ်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဘီလင်းကျေးရွာမူလတန်းကျောင်းမှ ဒုတိယတန်းကျောင်းသူ မခြူးမြတ်ချယ်(ခ) ဂျူးဂျူးမှာ ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကျောင်းသို့သွားရောက်ခဲ့ကာ မုန့်ဝယ်ရန်ထွက်သွားခဲ့စဉ် ကျောင်းနှင့် ၂ ခြံကျော်ရှိ လူမနေသည့်အိမ်အနီး သတ်ဖြတ်ခံရပြီးနောက် သေဆုံးချိန်တွင် နားကပ်လည်း ပျောက်ဆုံးနေခဲ့ကြောင်း၊ အဆိုပါလူသတ်မှုနှင့် ပတ်သက်၍ ဘီးလင်း ရွာသား မျိုးဇော်အား မသင်္ကာ၍ ဖမ်းဆီးစစ်ဆေးရာမှ ၎င်းသတ်ဖြတ်သည်ဟု ယမန်နေ့က ရဲစခန်းတွင် ဝန်ခံထွက်ဆိုလိုက်ကြောင်း သိရသည်။

“သူသတ်တယ်ဆိုတာ မျိုးဇော်က ဝန်ခံထွက်ဆိုပါတယ်။ ကလေးမလေးကို သတ်ပြီး ယူသွားခဲ့တဲ့ နားကပ်ကို မြေကြီးထဲမှာ သူမြုပ်ထားခဲ့တာ။ အဲဒီနားကပ်ကိုလည်း မနေ့က သူပြတဲ့နေရာမှာပဲ သွားရောက်တူးဖော်ယူပြီး သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားပြီး ဖြစ်ပါတယ်”ဟု မအူပင်မြို့နယ် ကျွဲဒုံးနယ်မြေ စခန်းမှူး ရဲအုပ် မြင့်ဇော်က ဧရာဝတီကို ပြောသည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူ မျိုးဇော်သည် မိန်းမဖြစ်သူနှင့် စကားများ ရန်ဖြစ်ပြီး အိမ်ပေါ်မှ နှင်ချခံထားရချိန်တွင် ဒုတိယတန်းကျောင်းသူအား မုန့်ဖိုး ၅၀၀ ပေးခဲ့ကြောင်း၊ မုန့်ထွက်ဝယ်ချိန်တွင် လည်ပင်းကိုညှစ်၍ နားကပ် ချွတ်ယူရာမှ လက်လွန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ နားကပ်ချွတ်ယူကာ အလောင်းအားပစ်ထားခဲ့ပြီးနောက် နားကပ်ကို ၎င်းနေအိမ်ရှေ့ တာစောင်းတွင် မြှုပ်နှံထားခဲ့ကာ အရက်ထပ်သောက်၍ တာပေါ်တွင်မူးလဲနေစဉ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကျွဲဒုံးနယ်မြေ ရဲစခန်း၏ စစ်ဆေးတွေ့ရှိချက်များအရ သိရသည်။

“အဓိကကတော့ အရက်ဖိုးမရှိလို့ ကလေးနားကပ်ကို ချွတ်ဖို့ကြံတာ။ ပထမတဖက်ကို ချွတ်တော့ ကလေးက ငြိမ်နေသေးတယ် ပြောတယ်။ နောက်တဖက်ကို ချွတ်တော့ ဖေကြီးဆူလိမ့်မယ်လို့ဆိုပြီး ရုန်းတော့ လည်ပင်း ညှစ်ထားပြီး ချွတ်တာ နားကပ်လည်းကျွတ်ရော အသက်မရှိတော့လို့ ပစ်ထားခဲ့တာလို့ သိရတယ်”ဟု ဘီးလင်းကျေးရွာ မူလတန်းကျောင်းအုပ်ဆရာကြီး ဦးအေးမင်းက ပြောသည်။

အဆိုပါ အမှုကို ကျူးလွန်သူ မျိုးဇော်အား ကျွဲဒုံးနယ်မြေရဲစခန်းမှ ပြစ်မှုနံပတ် ၂၁/၂၀၁၇ ဥပဒေ ပုဒ်မ ၃၀၂ (လူသတ်မှု)၊ ၃၉၄ (လုယက်မှု) တို့ဖြင့် ရဲတပ်ဖွဲ့မှ အမှုဖွင့်ဖမ်းဆီးထားပြီး တရားရုံးသို့ တရားစွဲဆိုတင်ပို့နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

Loading