သတင်း

မစ္စယန်ဟီလီကို လွှတ်တော်တွင်း အပြင်းအထန် ကန့်ကွက်ဝေဖန်မှုများ ပြုလုပ်

Want create site? Find Free WordPress Themes and plugins.

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီကို ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ တပ်မတော်နှင့် အခြား ပါတီများက အပြင်းအထန် ကန့်ကွက်ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။

ကန့်ကွက်ခံရသည့် အဓိက အကြောင်းရင်းမှာ ဇူလိုင်လ ၂၁ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ၎င်း၏ မြန်မာပြည် ခရီးစဉ် အတွင်း တွေ့ရှိချက်များကို သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ပြန် ပြောဆိုချက်များကြောင့် ဖြစ်သည်။

ယင်းကန့်ကွက်သည့် အဆိုကို NLD ပါတီမှ အိမ်မဲ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာက တင်သွင်းခဲ့ပြီး အစိုးရက ဆောင်ရွက်နေသော အမျိုးသားရင်ကြားစေ့ရေးကို မျက်ကွယ်ပြုခြင်း၊ ကုလသ မဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို လစ်လျူရှုထားခြင်းနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပကတိအခြေအနေများကို ထည့်သွင်းဖော်ပြထားမှု မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရခိုင်အရေး အပါအဝင် တိုင်းပြည်တွင် လက်ရှိ ဖြစ်ပွားလျက်ရှိသော အခြေအနေများကို ချဉ်းကပ်ကြရာတွင် ယခင်က အစိုးရ၊ တပ်မတော်နှင့် ပါတီအသီးသီးတို့သည် မတူညီသည့် ရှု့ထောင့်မျိုးစုံ ရှိခဲ့ကြသော်လည်း ယခုအခါတွင် ယန်ဟီလီကို တညီတညွှတ်တည်း ကန့်ကွက်ရုံ သာမက လွှတ်တော်တွင်လည်း ယန်ဟီလီ၏ ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း အရေးကြီးအဆိုကိုလည်း ယနေ့တွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြသည်။

မစ္စယန်ဟီလီ၏ အစိုးရသစ်လက်ထက် တတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ၎င်းသွားလိုသည့် နေရာများ အားလုံးသို့ သွားလာခွင့့် မရရှိခဲ့သော်လည်း ရန်ကုန်နှင့် နေပြည်တော် အပါအဝင် ရခိုင်၊ ကရင်နှင့် ရှမ်းပြည်နယ်များသို့ သွားရောက်ခွင့် ရရှိခဲ့သည်ဟု သိရသည်။

၎င်း၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ယခင် အစိုးရ အသုံးပြုခဲ့သည့် နည်းဗျူဟာမျိုးကို အစိုးရသစ်က ဆက်လက် အသုံးပြုနေ၍ စိတ်ပျက်မိကြောင်း ထုတ်ဖော်ခဲ့သည်။

“မစ္စယန်ဟီလီရဲ့ ယခု ခရီးစဉ် နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန် ကြေညာချက်၊ ပြောကြားချက်တွေဟာ တိကျမှန်ကန်မှုနဲ့ တရား မျှတမှု မရှိသဖြင့် အစီရင်ခံစာတင်သွင်းသူ လိုက်နာရမယ့် ကျင့်ဝတ်တွေကို လိုက်နာမှုများစွာ အားနည်းကြောင်း သုံးသပ်ပါတယ်”ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်တင်က လွှတ်တော်တွင် ပြောသည်။

မစ္စယန်ဟီလီ၏ အစီရင်ခံစာ သုံးသပ်ချက်များသည် အပြုသဘောမဆောင်ဘဲ အပြစ်ရှာသည့် ရှုထောင့်မှ ကြည့်ထားကြောင်း၊ ဓမ္မ ဓိဌာန်ကျမှု၊ မျှတမှု ကင်းမဲ့ကြောင်း၊ ထို့ကြောင့် “စိတ်ပျက်ရသည်” ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာ ခဲ့ရကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။

ဒုတိယ ဝန်ကြီး ဦးကျော်တင်က “အထူး အစီရင်ခံစာတင်သွင်းသူဟာ စိစစ်ရခြင်း မပြုရသေးတဲ့ သတင်းတွေ၊ အတည်မပြုရသေးတဲ့ စွပ်စွဲချက်တွေကို ထည့်သွင်း ဖော်ပြခဲ့သော်လည်းပဲ အဲဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီးတော့ အစိုးရ တာဝန်ရှိသူများဘက်မှ ရှင်းလင်းပြောကြားချက်များကို သူ့အနေနဲ့ ထင်ဟပ်ဖော်ပြမှု မရှိခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် သူရဲ့ အစီရင်ခံစာ ထုတ်ပြန်မှုဟာ ဟန်ချက်ညီမျှမှု ကင်းမဲ့ပြီးတော့ ဘက်လိုက်မှုများ ရှိနေတယ်”ဟု ပြောသည်။

အာဏာရပါတီမှ NLD အမတ်များကလည်း မစ္စယန်ဟီလီသည် ယေဘုယျဆန်သော စွပ်စွဲချက်များနှင့် မှားယွင်းသော အချက်အလက်များကိုသာ ထုတ်ပြန်ပြောဆိုခဲ့သည်ဟု လွှတ်တော်တွင် စွပ်စွဲခဲ့ကြသည်။

NLD အမတ်တဦး ဖြစ်သူ ဦးပြုံးချိုက “အခုလို အရေးကြီးနေတဲ့အချိန်မှာ အစီရင်ခံစာ တင်သွင်းသူတွေ အနေနဲ့ ကိုယ်ကိုယ်စားပြုထားတဲ့ အဖွဲ့အစည်းတွေ၊ ကိုယ့်ရဲ့ ပြော ဆိုနိုင်မှု နယ်ပယ် ကျယ်ရင် ကျယ်သလောက် ရရှိတဲ့ သတင်းအရင်းအမြစ်တွေနဲ့ အချက်အလက်တွေကို စနစ်တကျ လေ့လာဖို့ လည်း လိုတယ်။ ခြေခြေမြစ်မြစ် ကောက်ယူဖို့ လိုတယ်”ဟု ဧရာဝတီသို့ ပြောသည်။

မစ္စယန်ဟီလီ၏ ခရီးစဉ်အတွင်း အစိုးရ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို ရှင်းပြကြောင်း၊ ခရီးစဉ် အချိန်ကိုလည်း ပိုပေးထားကြောင်း၊ အစိုးရနှင့် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခွင့်၊ အမြင်ချင်း ဖလှယ်ခွင့် စသည့် အခွင့်အလမ်းများ ပေးထားသော်လည်း ယခုလို ပြောဆိုလုပ်ဆောင်မှုသည် လက်ရှိ ပကတိ အခြေအနေနှင့် မြန်မာနိုင်ငံ၏ ပုံရိပ်ကို နိုင်ငံတကာက သံသယ ဝင်စရာများ၊ မေးခွန်းထုတ်စရာများ ပါသွားခဲ့ရကြောင်း ဦးပြုံးချိုက ထောက်ပြသည်။

အခြား တပ်မတော်သားတဦး ဖြစ်သူ ဗိုလ်မှူးမြင့်မောင်ကလည်း “ယခုလို မြန်မာနိုင်ငံရဲ့ ကြိုးပမ်း ဆောင်ရွက်ချက်တွေကို မျက်ကွယ် ပြုပြီး မိမိတို့နိုင်ငံအား ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ အထင်အမြင် လွဲမှားစေရန် သတင်းထုတ်ပြန်ခဲ့မှုအား ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ အနာဂတ် နိုင်ငံတကာမှ ဖိအားများ ဖြစ်ပေါ်လာမယ့် အခြေအနေမှာ နိုင်ငံတော်ရဲ့ အကျိုးစီးပွား အတွက် ကာကွယ်နိုင်ရန် အားလုံး ဥမကွဲ သိုက်မပျက် စည်းလုံး ညီညွှန်ရန် လိုပါတယ်”ဟု ပြောသည်။

မြန်မာအစိုးရကလည်း မိမိတို့၏ ဖြေရှင်းဆောင်ရွက်နေရသည့် စိန်ခေါ်မှု အခြေအနေများကို ဝတ္တရားကျေရုံ မဟုတ်ဘဲ အစီရင်ခံစာများမှာ ထိထိမိမိ ရှင်းရှင်းလင်းလင်း ထည့်သွင်းဖော်ပြနိုင်ရေးအတွက် အစိုးရ ကိုယ်စားပြုပြောခွင့်ရှိသော နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ဝင်ဆံ့ပြီးလေးစားဖွယ် ကောင်းသော ပုဂ္ဂိုလ်များ ပါဝင်သည့် Special Envoy များကို ကုလသမဂ္ဂသို့ အခါအားလျော်စွာ စေလွှတ်၍ တိုက်ရိုက်ဆက်ဆံစေသော နည်းလမ်းကို ကျင့်သုံးသင့်ကြောင်း NLD အမတ် ဒေါ်ပြုံးကေသီနိုင်က အကြံပြု သုံးသပ်သည်။

“မစ္စယန်ဟီလီရဲ့ သဘောထား ကြေညာချက်ဟာ ရခိုင်အရေး ဖြေရှင်းရာတွင် လည်းကောင်း၊ မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး တခုလုံးအတွက်လည်းကောင်း၊ မည်သို့မှ အကျိုးမပြုနိုင်သောကြောင့် ကန့်ကွက်ပါကြောင်းနဲ့ ဒီအရေးကိစ္စနဲ့ ပတ်သက်ပြီး ကျမတို့ဟာ စိုးရိမ်သိမ်ငယ်စရာ မလိုသလို ရှောင်ပြေးရန်လည်း မလိုပါဘဲ ပြဿနာ လက်ခံပြီး ရင်ဆိုင်ဖြေရှင်းနိုင်မယ့် ဉာဏ်နဲ့ ယှဉ်တဲ့ သတ္တိနဲ့ စည်းလုံးညီညွှတ်မှုသာ လိုမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

မစ္စယန်ဟီလီသည် အစိုးရသစ် လက်ထက် မြန်မာနိုင်ငံ ခရီးစဉ် မှာ ၆ ကြိမ်မြောက် ဖြစ်ကြောင်း၊ ခရီးစဉ်တိုင်းတွင် မြန် မာနိုင်ငံအတွက် ကောင်းမွန်သည့် အစီရင်ခံစာများကို ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း၊ မြန်မာနိုင်ငံက လက်မခံသည့် Fact Finding Mission ကိုလည်း အသက်သွင်းရန်လည်း ကြိုးစားခဲ့ကြောင်း အမတ်များက ဆွေးနွေးခဲ့ကြသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီ၏ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့က သတင်းထုတ်ပြန်ချက်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း အရေးကြီး အဆိုတခုကို ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် တင်ခဲ့ပြီး ယနေ့တွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading