မန္တလေးဆေးရုံကြီးသို့ ရာသီပေါ်တုပ်ကွေး(H1N1) လူနာများ ရောက်ရှိလာပါက အဆင်သင့် ကုသပေးနိုင်ရန် သီးသန့် လူနာခန်း ပြင်ဆင်ထားကြောင်း မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်တင်တင်မိုးက ပြောသည်။
“Influenza like illness (တုပ်ကွေးကဲ့သို့ ရောဂါ လက္ခဏာများရှိသော လူနာ) တွေ ရောက်လာရင် သီးသန့် စမ်းသပ်ပြီး တော့ ဆောင်ရွက်မယ်။ လိုအပ်တဲ့ပစ္စည်း အပြည့်အစုံကိုလည်း ဖြည့်ဆည်းထားရှိပြီး ဖြစ်သလို ဓာတ်ခွဲ ဓာတ်မှန် လိုအပ် တဲ့ စမ်းသပ်စစ်ဆေးမှုပြုလုပ်မယ့် နေရာတွေကိုလည်း သတ်မှတ်ထားပြီးပြီ။ ဒီလို လူအများကြားမှာ ကူးစက်နိုင်တဲ့ ရောဂါ ဖြစ်လာပြီ ဆိုရင်တော့ ဆရာဝန် အင်အား လုံလောက်လောက်၊ မလောက်လောက် ဆေးရုံမှာရှိတဲ့ ဝန်ထမ်းအင်အားတွေ ကို သင့်တင်မျှတအောင် ခွဲဝေပြီး တာဝန်ချထားပေးမှာပါ” ဟု ၎င်းက ပြောသည်။
မန္တလေးဆေးရုံကြီးတွင် ဆရာဝန်ဦးရေ ၅၀၀ ခန့်နှင့် သူနာပြု ၇၀၀ ခန့်ရှိပြီး ဖျားနာကုသဆောင် ၃ ဆောင်ရှိသော်လည်း တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာရှိသည့် လူနာများ ရောက်ရှိလာပါက ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် လူနာများအတွက် သီးသန့်ခန်းများ ထားရှိမည်ဟု ဆိုသည်။
ဈေးချိုမန်းမြန်မာပလာဇာတွင် ဆိုင်ဖွင့်ထားသည့် မတင်တင်အေးက “ဈေးဆိုတာကတော့ လူအများနဲ့ ရှောင်လွှဲလို့ ရတဲ့ နေရာမဟုတ်တော့ ကိုယ်သိထားတဲ့ ကျန်းမာရေးအသိလေးတွေနဲ့ သတိပြုဆင်ခြင်နေရတာပေါ့။ ဈေးဆိုင်ဆိုတာမျိုးက ပိုင်ရှင်လည်း ထိုင်သလို ဝန်ထမ်းတွေလည်း ရောင်းတာရှိတော့ အခုလို ကူးစက်ပျံ့နှံ့လွယ်တဲ့ ရောဂါတခုကို ကြိုတင် ကာ ကွယ်နိုင်ဖို့ ဈေးမှာ တာဝန်ရှိတဲ့သူတွေက အသိပေးတာမျိုး၊ ပညာပေးတာမျိုး လုပ်ပေးရင်တော့ ပိုကောင်းမယ်” ဟု သုံး သပ်ပြောကြားသည်။
မန္တလေးတိုင်းအတွင်း H1N1 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကုသနိုင်ရေးတို့အတွက် ဇူလိုင် ၂၄ ရက်က ကျန်းမာရေးနှင့် သက်ဆိုင်သည့် တာဝန်ရှိ အဖွဲ့အစည်းများ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ဇူလိုင်လ ၂၄ ရက်နေ့တွင် ရာသီတုပ်ကွေးရောဂါ (Seasonal Flu, A/H1N1 2009) ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးနှင့် အမျိုးသားတဦးတို့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ သေဆုံးခဲ့ပြီး ယနေ့ နံနက်တွင်လည်း ၁ ဦး သေဆုံးခဲ့၍ ရာသီတုပ်ကွေးကြောင့် သေဆုံးသူဦးရေမှာ ရန်ကုန်ဆေးရုံကြီး၌ ၃ ဦး ၊ ချင်းပြည်နယ်၌ ၁ ဦး စုစုပေါင်း ၄ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။