သတင်း

တပ်မတော်မှအပ အခြားလက်နက်ကိုင် အဖွဲ့များ စစ်ဘက်ရာထူး ခေါ်ဝေါ်မှု တားမြစ်

စစ်ဘက်ဆိုင်ရာ ရာထူး၊ အဆင့် အခေါ်အဝေါ်များနှင့် ပတ်သက်၍ တပ်မတော်မှအပ အခြားလက်နက်ကိုင် အဖွဲ့အစည်း များမှ လူပုဂ္ဂိုလ်များကို ရာထူး ခေါ်ဝေါ်၍ ရေးသားဖော်ပြမှု တားမြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က ထုတ်ပြန် လိုက်သည်။

စစ်ဘက်ရာထူး၊ အဆင့်အခေါ်အဝေါ်များ သုံးစွဲမှုနှင့်ပတ်သက်၍ တပ်မတော်၏ သဘောထားထုတ်ပြန်ချက်ကို ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ လူမှုကွန်ရက် Facebook စာမျက်နှာမှတဆင့် ဖော်ပြ ထားသည်ကို တွေ့ရှိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် “တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်မှုထမ်းများသာ သုံးစွဲခွင့်ရှိသည့် စစ်ဘက်ရာထူး၊ အဆင့် အခေါ် အဝေါ်များအား အခြားသော မသက်ဆိုင်သည့် အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ၏ ကိစ္စရပ်များတွင် ခေါ်ဝေါ် သုံးစွဲ ခြင်း၊ ရေးသား ဖော်ပြခြင်းများ မပြုလုပ်ရန် တည်ဆဲ ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ မှန်ကန်စွာသုံးစွဲရန် လိုအပ်ကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်” ဟု ပါရှိသည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့ရှိ Great လက်ဖက်ရည်ဆိုင်ရှေ့၌ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည့် သတင်းအား ရေးသားဖော်ပြရာတွင် ကြေးမုံ၊ စံတော်ချိန်၊ Daily Eleven၊ The Voice စသည့် နေ့စဉ်ထုတ် သတင်းစာများတွင် လဝါယန် ပြည်သူ့စစ် အဖွဲ့မှ စီးပွားရေးတာဝန်ခံ ဗိုလ်မှူး နော်ဆန်း သေဆုံးခဲ့ ကြောင်း ရေးသား ဖော်ပြခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ဒီမိုကရေစီတူဒေး၊ 7 Day စသည့် နေစဉ်ထုတ် သတင်းစာများနှင့် အချို့ဂျာနယ်များ၊ သတင်းဌာနများ တွင်လည်း ဗိုလ်မှူးအဆင့်ရှိ လဂိုင်နော်ဆန်း ဟုလည်းကောင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းများသာ သုံးစွဲခွင့်ရှိသည့် “ ဗိုလ်မှူး” ဆိုသည့် စစ်ဘက်ရာထူးအဆင့်အား ရေးသားဖော်ပြခဲ့သည်ဟု ဆိုသည်။

ယင်းသို့ သုံးစွဲမှုသည် မှားယွင်းနေပြီး မြန်မာနိုင်ငံရှိ သတ်မှတ်ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများနှင့် အညီ တရားဝင် ဖွဲ့စည်း ထားသော ပြည်သူ့စစ်အဖွဲ့များတွင် ရာထူးအဆင့်များ သီးခြားသတ်မှတ် ခေါ်ဝေါ်သုံးစွဲခြင်းမရှိဘဲ ကြီးကြပ်ရေးအဖွဲ့၊ အဖွဲ့ ခေါင်းဆောင် နှင့် အဖွဲ့ဝင် ဟူ၍သာခေါ်ဝေါ် သုံးစွဲသည်ဟု ထောက်ပြထားသည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့၏ စစ်ဘက်ရာထူး၊ အဆင့်အခေါ်အဝေါ်များ သုံးစွဲမှုနှင့်ပတ်သက်သည့် အဆိုပါ ထုတ်ပြန်ချက်သည် ပြည်သူ့စစ်အဖွဲ့များသာ မက အပစ်ရပ်ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ် မရပ်ရ သေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များလည်း ပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံ ရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်း က ပြောသည်။

ဗိုလ်ချုပ် အောင်ရဲဝင်း က “အမှန်က ဗိုလ်မှူးတို့ ဗိုလ်ချုပ်တို့ဆိုတာက တကယ့်၊ တကယ်တော့ ကျန်တဲ့ ဟိုဟာတွေမှာက Official (တရားဝင်) မရှိဘူးဗျ။ သုံးစွဲခွင့်လည်း မရှိဘူး။ ကျနော်တို့က ဒါကတော့ ဥပဒေအရပြောတာပါ” ဟု ဧရာဝတီသို့ ပြောဆိုသည်။

စစ်ဘက်ရာထူး၊ အဆင့်အခေါ်အဝေါ်များ သုံးစွဲမှုနှင့်ပတ်သက်၍ ကန့်သတ်ထားသည့် ဥပဒေအား နိုင်ငံတော် ငြိမ်ဝပ်ပိပြား မှု တည်ဆောက်ရေး အဖွဲ့ ဥပဒေ အမှတ် (၂၆/၈၉) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေအား ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် နေ့တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် (၄၂) ဖြင့် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်ဟု ဆိုသည်။

အဆိုပါဥပဒေ၏ အခန်း(၁)ပုဒ်မ ၂(က၊ခ)တို့တွင် “စစ်ဘက်ရာထူး၊ အဆင့်၊ အခေါ်အဝေါ်ဆိုသည်မှာ တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက် သတ်မှတ်သုံးစွဲသည့် ရာထူး၊ အဆင့်အခေါ်အဝေါ်ကို ဆိုလိုသည်” ဟု ဖော်ပြထားကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Loading