နိုင်ငံတဝှမ်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး ရေလျှံ မှုများကြောင့် တိုင်းနှင့် ပြည်နယ် ၈ ခုတွင် လယ်ယာမြေ စိုက်ပျိုးဧကပေါင်း ၈ သောင်းကျော် ရေနစ်မြုပ်နေကြောင်း စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှသိရသည်။
စစ်ကိုင်းတိုင်း ၊ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်း တို့သည် လယ်ယာမြေ စိုက်ပျိုးဧက အများဆုံး နစ်မြုပ် နေသည့် ဒေသများဖြစ်နေပြီး ပျက်စီးဆုံးရူံးသည့် လယ်ယာမြေ စိုက်ပျိုးဧကမှာ ၃ သောင်းကျော် ဖြစ်သော်လည်း ဆုံးရှုံးမှု တန်ဖိုးငွေကို အသေးစိတ်မသိရှိရသေးပါ။
လက်ရှိအထိ ပြန်လည် စိုက်ပျိုးပြီးသည့် ဧကမှာ ၃ ထောင် ဖြစ်ကြောင်း စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးမျိုးတင့်ထွန်း က ဧရာဝတီသို့ပြောသည်။
“ရေမြုပ်တာ များတာကတော့ ဧရာဝတီ ၊ ပဲခူး ၊ စစ်ကိုင်း ဒါပေမယ့် ရေမြုပ်တိုင်းတော့ မပျက်စီးဘူး ထိခိုက်တဲ့ ဧရိယာရှိရင် နည်းနည်းပြန်စိုက်ရတယ်။ တကွက်လုံး ပျက်သွားတာ မဟုတ်ဘူး။ အဲဒါကတော့ ထိခိုက်တယ်ခေါ်တယ် ပျက်ဆီးတယ်ဆိုတာက တကွင်းလုံး တပင်မှ မကျန်တာမျိုးပေါ့ ဒါမှမဟုတ်ရင်လည်း အကုန်လုံးရေထဲမြုပ်ပြီးတော့ အပင်တွေ သေသွားတာမျိုးပေါ့။ အဲဒါမျိုးကို ပျက်ဆီးတယ် လို့ခေါ်တယ်”ဟု ဦးမျိုးတင့်ထွန်းက ပြောသည်။
ဟင်္သာတမြို့နယ်၊ ရေလယ်သောင်ကျေးရွာတွင်လည်း ရေကြီးသဖြင့် ကမ်းပါးပြိုခဲ့ပြီး မူလတန်း ကျောင်း တကျောင်းမှာ ပြိုသည့်အထဲတွင် ပါဝင်သွားခဲ့ကြောင်း၊ စိုက်ပျိုးခင်းများ ရေနစ်မြုပ်သော်လည်း စပါးများမှာ သီးကင်းသီးစသာဖြစ်ပြီး ရေနစ်မြုပ်ချိန် မကြာသဖြင့် ပျက်စီးမှုနည်းပါးကြောင်း ဒေသခံ ကိုခိုင်စိုးဦးက ပြောသည်။
“အခုရေက နည်းနည်း ပြန်ကျနေတယ်။ စိုက်ခင်းတွေ ဘာတွေ ပျက်တော့ပျက်တယ်။ နည်းတယ်။ ဘာလို့လဲဆိုတော့ အခုမှ သီးကင်းပဲ ရှိသေးတာကိုး။ သီးကင်းဆိုတော့ သိပ်မပျက်ဘူးပေါ့။ ရေကတော့ ပြန်ကျသွားပြီ၊ ရက်မကြာလို့ပါ။ ရက်ကြာရင်တော့ သီးကင်းတွေက ပုတ်မှာပေါ့”ဟု ၎င်းက ဆိုသည်။
လယ်ယာမြေ ဧကများ ရေနစ်မြုပ်သည့် ပြည်နယ် ၈ ခုမှာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ တနသာၤရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ဖြစ်သည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်များအရ ယခုရက်ပိုင်းအတွင်း ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ်တို့သည် ၎င်းမြစ်များ၏ အနီးရှိ မြို့အချို့တွင် စိုးရိမ်ရေအမှတ် အသီးသီးသို့ ကျော်လွန်ခဲ့သည်။