သတင်း

ရှမ်းတောင်ပိုင်း တာဆန်းဂိတ်တွင် ကျပ် သိန်း ၂ သောင်းကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် လက်နက်များဖမ်းမိ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ် တာဆန်းစစ်ဆေးရေးဂိတ်တွင် ကျပ်သိန်းနှစ်သောင်းခွဲကျော်တန် ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများအား ဇူလိုင် ၂၄ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး ၎င်းနှင့်ဆက်စပ်သည့် လက်နက် များကိုပါ ထပ်မံဖမ်းမိခဲ့ကြောင်း မိုင်းပန်ရဲစခန်းမှူး ဒုရဲမှူးဝင်းတင်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့က မိုင်းတုံမြို့ဘက်မှ မိုင်းပန်ဘက်သို့ ယာဉ်မောင်း အိုက်စံကျော် မောင်းနှင် လာသည့် ယာဉ်အတွင်း ဘိန်းဖြူဘလောက်တုံး ၂၉၈ တုံး (၁၀၄ ဒဿမ ၃ ကီလို) တွေ့ရှိခဲ့ပြီး အိုက်စံ ကျော်မှာ သံလွင်မြစ်ကူးတံတား(တာဆန်း) ပေါ်မှ မြစ်အတွင်းသို့ ခုန်ချထွက်ပြေးသွားသော်လည်း ၎င်းနှင့်အတူပါသူ နန်းစံဟွမ်းကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

မိုင်းပန်စခန်းမှူး ဒုရဲမှူးဝင်းတင်က “မြစ်ထဲခုန်ချသွားတဲ့သူကိုတော့ ခုထိပြန်မမိသေးဘူး၊ သူတို့ရဲ့နေအိမ်တွေ သွားရောက်ရှာဖွေရာမှာလည်း လက်နက်တွေ ထပ်မိထားပါတယ်”ဟု ပြောသည်။

လက်ရှိတွင် ဘိန်းဖြူများနှင့်အတူ ဖမ်းမိထားသည့် နန်းစံဟွမ်းကို မိုင်းပန်မြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ ရှမ်းလက်နက်ဥပဒေများဖြင့် အရေးယူထားသည်။

ထွက်ပြေးသွားသူ အိုက်စံကျော်မှာ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်စပ် မှုရှိ၊မရှိကိုလည်း မသိရှိရကြောင်း၊ ကွင်းဆက်များအနေဖြင့် အိုက်စံကျော်၏ အကိုဖြစ်သူကိုပါ ရဲစခန်းက ခေါ်ယူ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည် ဟု ရဲတပ်ဖွဲ့က ရှင်းပြသည်။

ရဲတပ်ဖွဲ့၏ ထပ်မံ စစ်ဆေးချက်များအရ မိုင်းတုံမြို့နယ်အတွင်းရှိ နားကောင်မူကျေးရွာရှိ နန်းစံဟွမ်း နေအိမ်မှ ပွိုင့် ၂၂ သေနတ်နှင့်ကျည်ဆံများ ဖမ်းမိခဲ့ပြီး ပုံပါကျင်ရွာရှိ အိုက်စံကျော်၏ နေအိမ်တွင် နေထိုင်သည့် ခြံစောင့် အိုက်မိုင်းနှင့်အတူ ပွိုင့် ၂၂ တလက်၊ အမ် ၁၆ တလက်၊ ပြောင်းချောတလုံးထိုး သေနတ်တလက်နှင့် ကျည်ဆံများဖမ်းမိရမိခဲ့ကြောင်း ပုံပါကျင်နယ်မြေရဲစခန်းထံက သိရသည်။

လက်နက်များဖမ်းမိမှုနှင့်ပတ်သက်၍ နားကောင်မူနှင့် ပုံပါကျင်နယ်မြေရဲစခန်းတို့မှ ရှမ်းလက်နက် ဥပဒေ ပုဒ်မ ၁၂(က) ဖြင့် အမှုဖွင့်အရေးယူထားပြီး ခြံစောင့်အိုက်မိုင်းဆိုသူကို မိုင်းတုံမြို့နယ်တရားရုံးတွင် ချုပ်ရက်ရမန်ယူကာ မိုင်းတုံမြို့နယ်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပုံပါကျင်နယ်မြေရဲစခန်းမှူး ရဲအုပ်သန့်စင်ထွန်းက ပြောသည်။

ရှမ်းလက်နက်ဥပဒေမှာ ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင်ဆောင်မှုများအတွက် ဒေသတွင်းဥပဒေတခုကဲ့သို့ ဖြစ်ပြီး လက်ရှိအမှုဖွင့်ထားသည့် ပုဒ်မ ၁၂(က)အရ ထောင်ဒဏ် ၇ နှစ်အထိချမှတ်နိုင်ပြီး ၎င်းဒေသတွင်း လက်နက်များဖမ်းမိပါကလည်း ရှမ်းလက်နက်ဥပဒေဖြင့်ပင် အရေးယူလေ့ရှိကြောင်း ၎င်းကရှင်းပြသည်။

နားကောင်းမူနှင့် ပုံပါကျင်ဒေသသည် ရှမ်းပြည်တောင်ပိုင်း အခြေစိုက် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) အဖွဲ့၏ လှုပ်ရှားရာနေရာဒေသတခုဖြစ်ပြီး ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့အနေဖြင့် မသိရှိသေးကြောင်းလည်း UWSA ၁၇၁ စစ်ဒေသအကြီးအကဲတဦးဖြစ်သူ ဦးကျော်လှက ဧရာဝတီသို့ ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading