ရန်ကုန်မြို့ရှိ ရန်ကင်းကလေးဆေးရုံသို့ တက်ရောက် ကုသနေသည့် ကလေးငယ်နှစ်ဦးတွင် ရာသီပေါ် တုပ်ကွေးဗိုင်းရပ်စ်ပိုး(H1N1) နှင့် တုပ်ကွေးဗိုင်းရပ်စ်ပိုး (H3N2) တွေ့ရှိရသော်လည်း စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း သတင်းရရှိသည်။
အဆိုပါကလေးငယ်နှစ်ဦးအား H1N1 သံသယရှိသဖြင့် ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး H1N1 ဗိုင်းရပ်စ်ပိုးတွေ့ရှိသည့် ကလေးငယ်မှာ အသက် ၃နှစ်ကျော် ဖြစ်ပြီး ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှ ဖြစ်ကြောင်း၊ H3N2 ဗိုင်းရပ်စ် Positive ဖြစ်နေသည့် ကလေးငယ်မှ အသက် ၅နှစ်ကျော် ဖြစ်ကာ ပဲခူးတိုင်း သက္ကလမြို့မှ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးကုသရေး ဦးစီးဌာနမှူး ဒေါက်တာ သာထွန်းကျော်က “H1N1 Positive ဖြစ်တာက ရန်ကင်း ကလေးဆေးရုံမှာပါ။ ဖြစ်တာက တယောက်ပါ။ နောက်တယောက် က H3N2 ဆိုတဲ့ ဗိုင်းရပ်စ် Positive ဖြစ်တာပါ။ အဲဒါက ပဲခူးတိုင်း သက္ကလ ကလို့ သိရပါတယ်။ ၂ယောက်စလုံးကတော့ လောလောဆယ် ကြပ်မတ်ဆောင်မှာ ကုသနေပါတယ်။ ရောဂါအခြေအနေလည်း ကောင်းတယ်လို့ သိရတယ်။ စိုးရိမ်ရတဲ့ အခြေအနေမရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် အဆိုပါ ကလေးငယ် ၂ဦးကို ရန်ကင်းကလေးဆေးရုံ အထူးကြပ်မတ်ဆောင်တွင် ထားရှိပြီး ကုသမှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။
ဇူလိုင်လ ၂၅ ရက်နေ့အထိ တနိုင်ငံလုံး စာရင်းများအရ H1N1 သံသယရှိ လူနာ ၃၅ဦးတွင် H1N1 Positive ဖြစ်ပွားသူ ၁၆ ဦးရှိပြီး ရန်ကုန်ဆေးရုံကြီးတွင် ၄ ဦး၊ ရန်ကုန် ပြည်သူ့ ဆေးရုံသစ်ကြီးတွင် ၁ ဦး၊ မတူပီတွင် ၁၀ ဦး၊ ရန်ကင်းကလေး ဆေးရုံကြီးတွင် ၁ ဦး ဖြစ်ပြီး H3N2 Positive လူနာ ၁ ဦး ရှိကြောင်း ဒေါက်တာသာထွန်းကျော်က ပြောကြားခဲ့သည်။