မြန်မာနိုင်ငံတဝန်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေကြီးမှုများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခုတွင် လူဦးရေ ၁၃၀၀၀၀ ကျော် ရေဘေးသင့်မှုများ ကြုံတွေ့နေရပြီး သေဆုံးသူ ၃ ဦးရှိခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။
“သေဆုံးသူ ၃ ယောက်ရှိပါတယ်။ ခန္တီးက တယောက်။ ချင်းပြည်နယ် တွန်းဇံက တယောက်။ ရှမ်းပြည်နယ် သိန္နီက တယောက်။ ချင်းနဲ့ရှမ်းမှာက ရေကြီးရေလျှံတာ အိမ်ပြောင်းရွှေ့တာတော့ မရှိဘူး။ ချောင်းကိုဖြတ်ကူးတဲ့အချိန်မှာ မျောပါ သွားတာ” ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီကို အတည်ပြု ပြောသည်။
ဇူလိုင် ၁ ရက်မှ ၂၅ ရက်အထိ ဝန်ကြီးဌာန၏ စာရင်းများအရ မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ၊ နေပြည်တော်၊ မွန်၊ ကရင် နှင့် ရခိုင်ပြည်နယ်တို့တွင် ရေဝင်ရောက်သည့် အိမ်ခြေပေါင်း ၃၇၁၂၇ အိမ်၊ ရေနောက်သို့ မျောပါသည့် အိမ်ခြေပေါင်း ၅၅ အိမ် ရှိပြီး အိမ်ထောင်စုပေါင်း ၃၄၈၂၃ မှ လူဦးရေ ၁၃၉၈၇၇ ဦး ရေဘေးသင့်မှုကြုံနေရသည်ဟု ၎င်းက ရှင်းပြသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ရေဘေးသင့်လူဦးရေ စုစုပေါင်း ၂၃၆၀၇ ဦး၊ မကွေးတိုင်းဒေသသကြီးတွင် ၉၂၀၃၁ ဦး၊ ပဲခူး တိုင်းဒေသကြီးတွင် ၁၁၆၈၃ ဦး၊ ဧရာဝတီတိုင်းဒေသကြီး ၆၇၆၇၊ ကရင်ပြည်နယ်တွင် ၂၄၀ ဦး၊ မွန်ပြည်နယ်တွင် ၅၀၀၀ ဦး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ၃၁၈ ဦး၊ ရခိုင်ပြည်နယ်တွင် ၁၀၃၀ ဦးရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ရေဘေးသင့် အိမ်ထောင်စုများနှင့် ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ ဆန်ရိက္ခာနှင့် တခြားထောက်ပံ့ပစ္စည်းများအတွက် စုစုပေါင်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၂၀၈၇ ကျော် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“ရေတော့ကျသွားပြီ။ စခန်း ၅၅ ခုစလုံး မပိတ်သိမ်းသေးဘူး။ လောလောဆယ်ပြန်ရင် ရွှံ့တွေနဲ့ဆိုတော့ သွားလာဖို့ အဆင် မပြေသေးဘူး။ ၈ လပိုင်း တချက်လည်း စောင့်နေကြသေးတာပေါ့။ ရေ ထပ်ပြီးတက်လာမလား ဆိုပြီးတော့။ အခုကတော့ မိုးလည်းပါးသွားပြီ။ မြစ်ရေလည်း စိုးရိမ်ရေမှတ်အောက်ရောက်သွားပါပြီ” ဟု မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ဧရာဝတီကို ပြောသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင် ၂၆ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေသည် ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် ၁ ပေခွဲစီခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်နေလွန်ပြီး နောက် ၂ ရက်နှင့် ၃ ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း သိရသည်။
လက်ရှိ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ၃ ပေခန့်နှင့် သာပေါင်းမြို့တို့တွင် ၁ ပေခွဲခန့် ယင်းမြို့များ၏ စိုးရိမ်ရေ မှတ် အသီးသီးအထက်သို့ ကျော်လွန်နေပြီး နောက် ၃ ရက်အတွင်း ငါးသိုင်းချောင်းမြို့နှင့် သာပေါင်းမြို့တို့တွင် ပေဝက်ခန့် စီ ကျဆင်းနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သဖြင့် ငဝန်မြစ်တလျှောက်ရှိ မြစ် ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေကြထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက ထုတ်ပြန်ထားသည်။
ရေကြီးရေလျှံမှုများကြောင့် တိုင်းနှင့် ပြည်နယ် ၈ ခုရှိ လယ်ယာမြေ ဧက ၈ သောင်းကျော် ရေနစ်မြုပ်ပြီး ၃ သောင်းကျော် ပျက်စီးဆုံးရှုံးမှုလည်း ဖြစ်ပွားခဲ့သည်။