သတင်း

ဒေါပုံမြို့နယ်တွင် ဖမ်းမိသည့် အထောက်အထားမဲ့ ဘင်္ဂါလီ ၁၈ ဦးကို အမှုဖွင့်

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်တွင် ဖမ်းမိခဲ့သော အထောက်အထားမဲ့ ဘင်္ဂါလီ ၁၈ ဦးကိစ္စနှင့် ပတ်သက်၍ အမှုဖွင့် အရေးယူထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင် က ဧရာဝတီသို့ ပြောသည်။

သက်သေခံ အထောက်အထား စာရွက်စာတမ်းများ မပါသည့် အဆိုပါ ဘင်္ဂါလီ ၁၈ ဦးသည် ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်တွင် ဇူလိုင်လ ၂၄ ရက်နေ့က ဖမ်းဆီးခဲ့မိခြင်းဖြစ်ပြီး ပြည်ပနိုင်ငံကို ထွက်ခွာရန်အတွက် လူပွဲစားများတဆင့်ခံ ပို့ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၁၈ ဦးကို မည်သည့်ဒေသမှ ရန်ကုန်သို့ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဖြေကြားခြင်း မရှိပါ။

ဦးမြင့်ကြိုင် က “သူတို့မှာ တရားဝင် စာရွက်စာတမ်းတွေ မပါတဲ့ အတွက် သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ အမှုဖွင့်ပြီးတော့ အရေးယူထားပါတယ်ဗျ။ တရားရုံးမှာ တရားစွဲပြီးတော့ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ၁၈ ဦးကို ဒေါပုံမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၆၇၊ ၃၇၀ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ ဘင်္ဂါလီ ၁၈ ဦးနှင့် ပတ်သက်၍ ဆောင်ရွက်ထားမှု၊ ပါဝင်ပတ်သက်သူ အချို့နှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အခြေအနေ အချို့ကို အသေးစိတ်သိရှိနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့သို့ မေးမြန်းသော်လည်း ဆောင်ရွက်နေဆဲ အခြေအနေဖြစ်ကြောင်း၊ အသေးစိတ်ပြောဆို၍ မရသေးကြောင်း ရန်ကုန်တိုင်း ရဲမှူး ဦးလှဝေ က ပြောသည်။

ရဲမှူး ဦးလှဝေ က “ဖြစ်စဉ်မှန်တယ်ဗျာ။ ကျန်တာတော့ ကျနော်တို့ ပြောလို့မရသေးဘူး။ ဆောင်ရွက်နေဆဲ အခြေအနေ ဖြစ်နေ တယ်ဗျာ။ ရှေ့ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်းလေးတွေ ရှိသေးတယ်။ ကျနော်တို့ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေ ကျန်နေသေးတဲ့ အတွက်ကြောင့် ပြောလို့မရသေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ယခင်ကလည်း ရွှေပေါက်ကံမြို့နယ်အပါအဝင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင် တရားမဝင် ဝင်ရောက် လာသော ဘင်္ဂါလီ လူမျိုးများ ဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာ မြို့နယ် တရားရုံးများမှတဆင့် ပြစ်ဒဏ်များချမှတ်၍ အရေးယူ ဆောင်ရွက်ထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မှ သိရသည်။

Loading